စစ်ပွဲစတင်ပြီးနောက်ပိုင်း တရက်တာကာလမှာ အကြီးဆုံး လေကြောင်းတိုက်ခိုက်မှုအဖြစ် ရုရှားက ယူကရိန်းကို ဒရုန်း ၉၄၈ စင်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
မတ် ၂၄ ရက် ဒေသစံတော်ချိန် မနက် ၉ နာရီကစပြီး ဒရုန်း ၅၅၆ စင်းကို ရုရှားက ပစ်လွှတ်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ထုတ်ပြန်ပါတယ်။
ပုံမှန်မဟုတ်တဲ့ ဒီနေ့ခင်းဘက် တိုက်ခိုက်မှုတွေမှာ အနည်းဆုံး ၃ ယောက် သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။
အနောက်ပိုင်း လဗစ်မြို့လယ်က ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ၁၆ ရာစု ဘုန်းတော်ကြီးကျောင်းတခုလည်း ထိခိုက်ခဲ့တယ်လို့ ဒေသတာဝန်ရှိသူတွေက ပြောပါတယ်။
မတ် ၂၃ ရက် ညပိုင်းတိုက်ခိုက်မှုတွေမှာတော့ လူ ၅ ယောက် သေဆုံးခဲ့ပြီး ဒရုန်း ၃၉၂ စင်းနဲ့ ဒုံးကျည် ၃၄ စင်းကို ရုရှားက ပစ်လွှတ်ခဲ့တာပါ။ ဒါကြောင့် ၂၄ နာရီအတွင်းမှာ ဒရုန်းအစင်းရေ ၁,၀၀၀ နီးပါး ရှိလာခဲ့တာပါ။
အီဗာနို-ဖရန်ကစ်ဗ်ဒေသမှာလည်း သားဖွားဆေးရုံတရုံ ထိမှန်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ ရုရှားအနေနဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ရည်ရွယ်ချက်မရှိဘူး ဆိုတာ ရှင်းလင်းစွာ ပြသနေတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောပါတယ်။
ဖေဖော်ဝါရီလနှောင်းပိုင်း အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ စစ်ပွဲဖြစ်ပွားခဲ့ပြီးကတည်းက အမေရိကန် ကြားဝင်စေ့စပ်ပေးတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလည်း ရပ်တန့်နေပါတယ်။
ယူကရိန်းသမ္မတကတော် အိုလီနာ ဇလန်စကာက “ကမ္ဘာကြီးမှာ နေ့စဉ် ကြားနေရတဲ့ သတင်းတွေထဲ ယူကရိန်းရဲ့ ဝမ်းနည်းပူဆွေးမှုတွေကို ပျောက်ပျက်မသွားစေရဘူး” လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
Source: Reuters










