
မွန်ပြည်နယ်လွှတ်တော်မှာ လုံခြုံရေးယူနေတဲ့ ရဲတပ်သားတယောက်ကို ရိုက်နှက်ဖမ်းဆီးပြီး ကျားဖောင်လုပ်ငန်းဆီမှာ သွားရောက်ရောင်းစားခဲ့တဲ့ စစ်အာဏာရှင်တပ်က ဒုတပ်ကြပ် တင်သန်း အပါအဝင် စစ်သား ၃ ယောက်ကို ကျိုက်ခမီရဲစခန်းက ပုဒ်မ ၆ ခုနဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မော်လမြိုင်စုဆောင်းရေးတပ်မှ ဒုတပ်ကြပ် တင်သန်း၊ တင်မင်းထွဋ်နဲ့ ဖြိုးကိုကိုတို့ကို လူကုန်ကူးမှုတားစီးရေးဥပဒေ ပုဒ်မ ၃၆၊ ပုဒ်မ ၄၄ အပြင် ပုဒ်မ ၁၇၀၊ ပုဒ်မ ၃၃၂၊ ပုဒ်မ ၃၄၂၊ ပုဒ်မ ၁၁၄ တို့နဲ့ ဇွန် ၂၃ ရက်မှာ အမှုဖွင့်ခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။
“မနေ့ကပဲ ၃ ယောက်စလုံးကို ပုဒ်မ ၆ ခုနဲ့ အမှုဖွင့်လိုက်တယ်။ စစ်တပ်ဘက်က ဒီလူတွေက စစ်သားတွေ မဟုတ်ဘူး၊ စုဆောင်းရေးတပ်က အရပ်သားတွေကို တာဝန်ပေးထားတာလို့ ငြင်းသွားတယ်။ ရီမန် (ချုပ်ရက်) ယူပြီးပြီ။ ရှေ့တပတ်ဆို သူတို့ ၃ ယောက်ကို ရုံးတင်မှာ။”
စစ်သား ၃ ယောက်ကို ဖွင့်လှစ်ထားတဲ့ ပုဒ်မတွေနဲ့ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ တယောက်က “လူကုန်တားပုဒ်မ ၃၆ က ဂိုဏ်းဖွဲ့ပြီး ကျူးလွန်တာ၊ ပုဒ်မ ၄၄ က ပူးပေါင်းကြံစည်တာ၊ ပုဒ်မ ၁၇၀ က ပြည်သူ့ဝန်ထမ်းအယောင်ဆောင်မှု၊ ပုဒ်မ ၃၃၂ က ရိုက်နှက်မှု၊ ပုဒ်မ ၃၄၂ က မတရားချုပ်နှောင်ဖမ်းဆီးမှု၊ ပုဒ်မ ၁၁၄ က အားပေးကူညီမှု။ အနည်းဆုံး ထောင်ဒဏ် ၁၅ နှစ်ကနေ အနှစ် ၂၀ အထိ ကျနိုင်တယ်" လို့ ရှင်းပြပါတယ်။
ဇွန် ၁၉ ရက်က မွန်ပြည်နယ်လွှတ်တော်မှာ လုံခြုံရေးယူနေတဲ့ ရဲတပ်သား ဇော်ဝင်းထွန်းကို မော်လမြိုင်မြို့၊ နဂါးမောက်ဘုရားအနီးမှာ မော်လမြိုင်စစ်သားစုဆောင်းရေးတပ်က ဒုတပ်ကြပ် တင်သန်း အပါအဝင် ၃ ယောက်က ရိုက်နှက်ဖမ်းဆီးပြီး ကျိုက်ခမီမြို့က ကျားဖောင်လုပ်ငန်းတခုကို ရောင်းစားခဲ့တာ ဖြစ်ပါတယ်။
စစ်မှုထမ်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံတဝန်း အာဏာရှင်စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ရှိပေမဲ့ ဒီကနေ့အထိ ဝန်ခံတာ မရှိသေးပါဘူး။
လူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမဲ့ စစ်မှုထမ်းဥပဒေကို စစ်အာဏာရှင်မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အသက်သွင်းကျင့်သုံးခဲ့ပြီး မတ် ၂၈ ရက်မှာ စတင်ခေါ်ယူခဲ့ရာ အခုဆိုရင် အပတ်စဉ် ၂၆ ကို ရောက်လာပြီ ဖြစ်ပါတယ်။










