DVB Logo
Home
Lead Story
ရခိုင်စစ်မီး အမြန်ဆုံးငြိမ်းစေလို
DVB
·
November 1, 2019
ရခိုင်စစ်မီး အမြန်ဆုံးငြိမ်းစေလို
Donate to DVB

စစ်ဖြစ်ပြီဆိုလျှင် ပထမဆုံးပျောက်ဆုံးသည်မှာ အမှန်တရားနှင့် တရားမျှတမှုဟုဆိုကြသည်။ ထို့ထက်စောစီးစွာ ပျောက်ဆုံးရသည်မှာ ဒေသခံတို့၏ အသက်အိုးအိမ် စည်းစိမ်များနှင့် လူ့အခွင့်အရေးဖြစ်သည်။

စစ်ပွဲကာလမျိုးတွင် ဒေသခံပြည်သူတို့အနေဖြင့် မိမိဘဝကိုပင် မိမိစီမံပိုင်ခွင့်မရှိ။ နီးရာဓားကိုကြောက်ကြရသည်။ နီးရာဓား၏ စီမံခန့်ခွဲပိုင်ခွင့်အောက် အလို လိုရောက်ရှိသွားတော့သည်။ မိမိဆန္ဒ၊ စေတနာ၊ မေတ္တာတရားတို့ပင် နီးရာဓားအောက် ပျောက်ကွယ်သွားကြရစမြဲ ဖြစ်သည်။

မကြာမီက လူမှုကွန်ရက်စာမျက်နှာ၌ ပျံ့နှံ့နေသော ပြည်သူတဦးအား လက်နက်ကိုင်တစုက လူမဆန်စွာရိုက်သတ်နေသော ဗွီဒီယိုဖိုင်တခုတက်လာသည်။ မည်သူတင်၍ မည်သူတွေက မည်သူ့ကို သတ်ဖြတ်သည်ကိုမသိရ။ ဤသည်မှာပင် တာဝန်ခံမှုတာ ဝန်ယူမှုမရှိဘဲ သူရဲဘောကြောင်သူတို့၏ ဆင်နွှဲသောစစ်ဟူ၍သာ လူထုပြစ်တင်မှုမြင့်တက်လာခဲ့သည်။

လတ်တလောဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် စစ်ပွဲများအတွင်းနှစ်ဖက် လက်နက်ကိုင်အဖွဲ့များက အရပ်သားများကို သံသယဖြင့် ဖမ်းဆီးမှုများလည်းရှိသလို ဖမ်းဆီးစစ်ကြောရေးကာလအတွင်း  သေဆုံးမှုများလည်းရှိခဲ့သည်။ 

စစ်သည် ဘက်နှစ်ဘက်ဖြစ်ခြင်းတခုထက်မပို။ တဖက်သတ်ဖြစ်၍မရ။ စစ်ဟုဆိုသော်လည်း စည်းကမ်းမဲ့ ပရမ်းပတာ တိုက်၍မရ။ မယဉ်ကျေးသောခေတ်၏ စစ်ပွဲ၌ပင် သုံ့ပန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းကိုလိုက်နာခဲ့ကြရသည်။ လူထုအတွက်ဆိုလျှင် တင်းကြပ်သော စည်းကမ်းများချမှတ်ခဲ့ကြသည်။

မှတ်သားမိသည်မှာ လွန်ခဲ့သော ဘီစီ ၇၀၀ ကျော်ခန့်က တရုတ်ပြည်မှာ ဝူမင်းကြီးက စစ်ပြုမည့်ကိစ္စနှင့်ပတ်သက်၍ ဆွန်ဇူး၏လျောက်တင်ချက်မှာ ယနေ့အချိန် အထိမှန်နေသည်ကိုတွေ့ရသည်။

ဆွန်ဇူးက “အရှင်မင်းကြီး… စစ်ရေးစစ်ရာကိစ္စမှာ အများသူငါတို့နှင့် တိုက်ရိုက်တိုက်ဆိုင်နေသောအရေးကိစ္စကြီးပါ။ အသက်အိုးအိမ်၊ စည်းစိမ် ဥစ္စာ အိမ်ထောင်၊ မိသားစုတွေ ပျက်စီးစေနိုင်တဲ့အကြောင်းဖြစ်ရပ်ပါ။ ချင့်ချင့်ချိန်ချိန် မစဉ်းစားပဲစစ်ကိုမပြုသင့်ပါဘူး။ စစ်ဆိုတာ စတင်ရန်လွယ်ကူသလောက်အဆုံးသတ်ရန်ခက်ပါတယ်။ ဆင်ခြင်တော်မူပါ အရှင်မင်းကြီး”ဟု တင်လျောက်ခဲ့သည်။

ဤသစ္စာတရားများကို ရခိုင်စစ်ပွဲ၊ ရခိုင်စစ်မျက်နှာက သက်သေခံနေသည်။ လောလောလတ်လတ်ပင် ရွှေနဒီအမြန်ရေယာဉ်ကိစ္စ၊ လက်နက်မဲ့ပြည်သူတဦးအား လူမဆန်စွာ သတ်ဖြတ်ခြင်း ကိစ္စရပ်တို့မှာ စစ်၏အနိဌာရုံများကို ထိတွေ့နေရခြင်းပင်။ အသက်အိုးအိမ်စည်းစိမ်တို့ ပျက်စီးနေရခြင်ပင်။ ယနေ့ခေတ်စကားနှင့်ဆိုလျှင် လူ့အခွင့်အရေးဆုံးရှုံးနေရခြင်းပင်ဖြစ်သည်။

ထိုသို့ လူ့အခွင့်အရေးဆုံးရှုံးခြင်းနှင့်အတူ ဖြစ်ရပ်တိုင်း၌ အမှန်တရားနှင့်တရား မျှတမှုတို့လည်း ကွယ်ပျောက်သွားလေတော့သည်။ တာဝန်ခံမှု တာဝန်ယူမှုကင်းမဲ့ခြင်းသည် အနာဂတ်လူ့အဖွဲ့အစည်း ကိုယ်ကျင့်ပျက်သုဉ်းရေး၏ သင်ရိုးအသွင်ရောက်သွားတော့သည်။ ဤကားစစ်ကြောင့် ပေါ်ထွက်လာသော သိသာမြင်သာသည့် ဘေးထွက်ဆိုးကျိုးများပင်။

သို့ဆိုလျှင် စစ်ကို အဘယ့်ကြောင့်မရှောင်လွှဲနိုင်ကြသနည်း။ စစ်မီးကို အဘယ့်ကြောင် မငြှိမ်းသတ်နိုင်ကြသနည်း ဆိုသောအမေးသည် ပြည်သူတိုင်းမေးနေကြ။ စစ်ဖြစ်ရာဒေသရှိ ဒေသခံတိုင်းမေးနေကြ။ ကိုယ်ကျိုးစီးပွား ကာကွယ်လိုလူတစုအတွက် အဘယ့်ကြောင့် စစ်ပွဲကို ဝင်ရောက်ဆင်နွှဲနေကြသနည်း။ စစ်နှင့်အဘယ့်ကြောင့် စီပွားရှာလိုကြသနည်း။ 

စစ်သည်စီးပွားရှာဖွေရန်အကောင်းဆုံးဟုထင်မြင်နေသော “Gone With The Win” ဝတ္ထု ထဲမှာ ‘ရက်ဘတ်တလာ’ လို လူတွေရှိနေသေးသရွေ့ ကြီးစိုးနေသေးသရွေ့တော့ စစ်မီးငြိမ်းမသွားနိုင်သည်မှာသေချာသည်။ မည်သို့ပင်ဆိုစေ တာဝန်ခံမှုတာဝန်ယူမှုကင်းမဲ့သော သူရဲဘောကြောင်သူတို့၏ စစ်ပွဲ၌ ရခိုင်ပြည်သူလူထုတို့၏ အသက်အိုးအိမ်စည်နှင့် သက်ရှင်ရပ်တည်နိုင်သော အခွင့်အရေး၊ ဘဝလုံခြုံမှုတို့ ဆုံးရှုံးနေဦးမည်သာဖြစ်သည်။

နေပြည်တော်တွင် မကြာသေးခင်က အန်စီအေ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (၄) နှစ်ပြည့်ပွဲကျင်းပခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အားလုံးပါဝင်ကြရန် အစိုးရက လမ်းဖွင့်ဖိတ်ခေါ်ခဲ့သည်။ 

နေပြည်တော်တွင် “မငြိမ်းချမ်းလို့မဖြစ်ဘူး” ဆိုသည့် တေးသံများ ပျံ့လွင့်နေချိန်တွင် ရခိုင်ပြည်နယ်၌ စစ်မီးငြှိမ်းမရဘဲ အရှိန်တဟုန်းဟုန်းဖြင့် ဆက်လက်တောက်လောင်နေသည်။  စစ်ပွဲကို အကြောင်းပြု၍ လူမှုကွန်ရက်ပေါ်တွင်လည်း လူမျိုးရေးအမုန်းတရားစစ်ပွဲကို စကားလုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ဆင်နွှဲနေကြပြန်သည်။

တကယ်တမ်း စစ်ဘေးစစ်ဒဏ်ကို စစ်ပွဲဖြစ်ရာဒေသတခုတည်းတွင်ခံကြရသည်မဟုတ် တတိုင်းပြည်လုံး ခံစားရခြင်းခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်ကြီး တခုလုံး စစ်တလင်းမဖြစ်စေရန် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့များနှင့် တာဝန်ရှိ အစိုးရသာမက မြန်မာနိုင်ငံသားပြည်သူအားလုံးက ရခိုင်စစ်မီးကို အမြန်ဆုံးဝိုင်းဝန်းငြှိမ်းသတ်ရန် တိုက်တွန်းလိုက်ရပါသည်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013