DVB Logo
Home
မြန်မာသတင်း
အန်စီအေ လက်မှတ်ထိုးထားသူများ ကတိသစ္စာတည်ရန် အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း
DVB
·
October 28, 2019
အန်စီအေ လက်မှတ်ထိုးထားသူများ ကတိသစ္စာတည်ရန် အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း
Donate to DVB

အန်စီအေ အပစ်ရပ်စာချုပ်မှာ ပါဝင်လက်မှတ်ထိုးခဲ့တဲ့ သက်ဆိုင်သူခေါင်းဆောင်တွေ အားလုံးအနေနဲ့ အန်စီအေပါ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ရာမှာ ကတိသစ္စာတည်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း  ပြောပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) မှာ ဒီကနေ့ ကျင်းပရာမှာ မိန့်ခွန်းပြောသွားတာပါ။ 

“ဒီကနေ့ ကျမတို့ကြားမှာ ဖြစ်ပေါ်လာခဲ့တဲ့ အခက်အခဲတွေဟာ အန်စီအေစာချုပ်ကြောင့် မဟုတ်ပါဘူး။ အန်စီအေစာချုပ်ကိ အကောင်အထည်ဖော်ရာမှာ အားနည်းချက်တွေ၊ လိုက်နာဖို့ လိုအပ်ချက်တွေ၊ နားလည်မှု ကွဲပြားမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့အခက်အခဲတွေပဲ ဖြစ်ပါတယ်။ အန်စီအေကို ပါဝင်လက်မှတ်ထိုးခဲ့တဲ့ သက်ဆိုင်သူခေါင်းဆောင်တွေ အားလုံးအနေနဲ့ အန်စီအေပါ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ရာမှာ ကတိသစ္စာတည်ကြဖို့ အင်မတန်မှ အရေးကြီးတယ်ဆိုတာကို အားလုံး နားလည်ပြီး ဖြစ်ပါလိမ့်မယ်”

အခု ၂၀၁၉ ခုနှစ်ဟာ တပ်မတော်နဲ့ အန်စီအေ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်တာ အနည်းဆုံးနှစ်ဖြစ်ပြီး တပ်မတော်ရဲ့ တဖက်သတ်အပစ်ရပ်ပေးတာ၊ အစိုးရနဲ့ အန်စီအေလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးပွဲတွေ ဆက်တိုက်လုပ်လာတာကြောင့် ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် သတ္တိရှိတဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေကို ရဲရဲရင့်ရင့်ချမှတ်ပြီး အန်စီအေ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ခေါင်းဆောင်တွေ အားလုံး၊ ယခင်သမ္မတကြီး ဦးသိန်းစိန်နဲ့ ယခင် အစိုးရ တာဝန်ရှိသူတွေအားလုံး၊ တပ်မတော်ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အားလုံးကို ဂုဏ်ပြုပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ တက်ရောက်လာကြသူ အားလုံးကို ငြိမ်းချမ်းသာယာမှုရှိကြဖို့ ဆန္ဒပြုကြောင်းပြောပြီး အကြောင်းအမျိုးမျိုးပြပြီး မတက်ရောက်လာတဲ့ အဖွဲ့တွေကလည်း သူတို့အကြောင်းနဲ့ သူတို့ပဲ ဖြစ်ပါလိမ့်မယ်လို့ ပြောပါတယ်။

အန်စီအေ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ကိုယ်စား ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးက အမှာစကား ပြောရာမှာတော့ တယောက်နဲ့တယောက် မယုံကြည်တာတွေရှိနေပြီး တရားမျှတတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ လိုအပ်တယ်လို့ ပြောပါတယ်။

“အခုထက်ထိ တိုးတက်မှု များများစားစား မရရှိသေးတာက သံသယတွေ၊ စိုးရိမ်မှုတွေ၊ ယုံကြည်မှုတွေ အားနည်းနေပြီး အာဃာတတရားတွေ အားကောင်းနေသေးတယ်လို့ မြင်မိတယ်။ ကျနော်တို့တွေဟာ ဘာကို မယုံမကြည်ဖြစ်နေကြရတာလဲ။ ဒါတွေကို ပြန်ဆန်းစစ်ရမှာဖြစ်ပြီး မှန်ကန်တဲ့၊ တရားမျှတတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော် အကောင်အထည် ဖော်ဆောင်ကြရမှာ ဖြစ်တယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ရပ်တန့်သလို ဖြစ်နေတယ်လို့လည်း သူက ဆိုပါတယ်။

“ကျနော်တို့အားလုံး တသားတည်းကျတဲ့အမြင်နဲ့ သုံးသပ်ချက် မဟုတ်ရင်တောင် ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ကျနော်တို့ တည်ဆောက်ချင်တဲ့ လမ်းကြောင်းကနေ တိမ်းစောင်းသွားနေတဲ့ အခြေအနေကို တွန်းပို့လာနေတယ် ဆိုတာကို ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့က သုံးသပ်တာတွေ ရှိသလို ပါဝင်ပတ်သက်နေကြတဲ့ အစုအဖွဲ့တွေကြားမှာ မယုံကြည်မှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေ၊ အစွန်းရောက်မှုတွေ၊ အသာစီးရလိုမှုတွေ ရှိနေကြလို့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို မပြုလုပ် မကျင်းပနိုင်ခဲ့ကြဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ရပ်တန့်သလို ဖြစ်နေပါတယ်။”

ဒီနေ့ အခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဒုတိယသမ္မတတွေ၊  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ ထိပ်တန်းခေါင်းဆောင်တွေ၊ လွှတ်တော်အကြီးအကဲတွေ၊  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စစ်ဘက်တာဝန်ရှိသူတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ထိပ်တန်းခေါင်းဆောင်တွေ တက်ရောက်ကြပါတယ်။

အန်စီအေ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ - ရှမ်းပြည်တပ်မတော်  RCSS /SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်ကတော့ နေပြည်တော်ကို မော်တော်ယာဉ်နဲ့ လာဖို့ စီစဉ်ခဲ့ရာမှာ တပ်မတော်နဲ့ ညှိနှိုင်းလို့ မရတာကြောင့် အခမ်းအနား တက်ရောက်ခြင်း မရှိခဲ့ပါဘူး။ 

အန်အယ်လ်ဒီ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး လုပ်ငန်းစဉ် ၃ ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013