DVB Logo
Home
မြန်မာသတင်း
ခရီးစဉ် ပိတ်ပင်ခံရ၍ အန်စီအေ ၄ နှစ်ပြည့် ဗိုလ်ချုပ်ကြီးယွက်ဆစ် မတက်ရောက်ဟု RCSS/SSA ထုတ်ပြန်
DVB
·
October 27, 2019
ခရီးစဉ် ပိတ်ပင်ခံရ၍ အန်စီအေ ၄ နှစ်ပြည့် ဗိုလ်ချုပ်ကြီးယွက်ဆစ် မတက်ရောက်ဟု RCSS/SSA ထုတ်ပြန်
Donate to DVB

အန်စီအေ ၄ နှစ်ပြည့် အခမ်းအနားကို ဗိုလ်ချုပ်ကြီးယွက်ဆစ် မတက်ရောက်နိုင်တာဟာ တပ်မတော်က လက်တွဲကူညီတာ မရှိတဲ့အပြင် ခရီးစဉ်ကို ပိတ်ပင်တားဆီးခဲ့တာကြောင့်လို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက ပြောပါတယ်။

နိုင်ငံတော်အစိုးရအဖွဲ့ အကြီးအကဲတွေနဲ့ တပ်မတော်အကြား အပြန်အလှန် နားလည်မှုမရှိဘဲ အစိုးရအဖွဲ့အပေါ် ယုံကြည်မှုပျက်အောင်လုပ်တာလည်း ဖြစ်နိုင်တယ်လို့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဒီနေ့ ကြေညာချက် ထုတ်ပြန်ပြောလိုက်တာပါ။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ရဲ့ ယာယီအဖွဲ့ခေါင်းဆောင်ဖြစ်ပြီး RCSS/SSA ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးယွက်ဆစ်ဟာ နေပြည်တော်မှာ အောက်တိုဘာ ၂၈ ရက်နေ့ ကျင်းပမယ့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၄ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားနဲ့ အောက်တိုဘာ ၃၀ ရက်မှာ လုပ်မယ့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) တို့ကို တက်ရောက်ဖို့ စီစဉ်ထားတာပါ။

ဗိုလ်ချုပ်ကြီးယွက်ဆစ်နဲ့ ကိုယ်စားလှယ်တချို့ဟာ လင်းခေးခရိုင် ဟိုမိန်းမြို့ကတဆင့် နမ့်ဆန်၊ တောင်ကြီး၊ နေပြည်တော်ကို သွားဖို့ စီစဉ်ထားပြီး ဒါကို ငြိမ်းချမ်းရေးကော်မရှင်က ဦးခင်ဇော်ဦး၊ ဦးဇော်ဌေးတို့ကို ထိုင်းနိုင်ငံမှာတွေ့တုန်းက ပြောထားခဲ့သလို ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဗဟိုဌာန (NRPC) ကိုလည်း အောက်တိုဘာ ၂၃ ရက်က တရားဝင် အကြောင်းကြားထားခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတော်သမ္မတကလည်း ဒီခရီးစဉ် ချောမွေ့စေဖို့ တပ်မတော်ကာကွယ်ရေေဦးစီးချုပ်ကို မှာကြားထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အောက်တိုဘာ ၂၅ ရက်နေ့မှာတော့ ဗိုလ်ချုပ်ကြီးယွက်ဆစ်နဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဟိုမိန်းကနေ ဖြတ်သွားခွင့်မပြုဘူးဆိုပြီး အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေ အကြောင်းကြားလာပြီး လာကြိုတဲ့ကားတွေကိုလည်း ပြန်သွားဖို့ အမိန့်ပေးလာခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဦးဇော်ဌေးဆီကို ဆက်သွယ်တဲ့အခါမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာချီလိတ်ကနေတဆင့် လာဖို့ ပြောထားတယ်ဆိုတာ သိခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်ကြီးယွက်ဆစ်နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ကို ရောက်နေပြီဖြစ်လို့ တာချီလိတ်ကနေ သွားရမယ်ဆိုရင် အချိန်မမီတော့တာကြောင့် အခမ်းအနားကို မတက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

လုံခြုံရေးကန့်သတ်ထားတဲ့ နေရာတွေကလွဲလို့ ဘယ်နေရာမဆို လက်နက်မကိုင်ဘဲ လွတ်လပ်စွာ သွားလာခွင့်၊ တဖက်အဖွဲ့အစည်း ထိန်းချုပ်နယ်မြေမှာလည်း လိုအပ်လာရင် ကြိုတင်ညှိနှိုင်းပြီး လက်နက်နဲ့ သွားလာခွင့်တွေကို NCA မှာ သဘောတူထားတာဖြစ်လို့ အခုလို တားဆီးတာဟာ NCA အပေါ် မျက်ကွယ်ပြု ချိုးဖောက်တာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ပါတယ်။

နောက်ဆုံး အဆိုးရွားဆုံးအခြေအနေကတော့ NCA ၄ နှစ်ပြည့်ကျင်းပနိုင်ရေး နေပြည်တော်မှာ ဆွေးနွေးကြတုန်းက ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က NCA လက်မှတ်ထိုးထားသူတွေ နုတ်ထွက်သွားချင်ရင် နုတ်ထွက်သွားနိုင်တယ်ဆိုပြီး ညှိနှိုင်းရေးအဖွဲ့ဝင် တချို့ကို ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013