DVB Logo
Home
မြန်မာသတင်း
အများပြည်သူပိုင်လမ်းကို ဦးပိုင်သံမဏိစက်ရုံကပိတ်ထားသဖြင့် ရွာသားများ အခက်ကြုံ
DVB
·
October 18, 2019
အများပြည်သူပိုင်လမ်းကို ဦးပိုင်သံမဏိစက်ရုံကပိတ်ထားသဖြင့် ရွာသားများ အခက်ကြုံ
1 / 2
Donate to DVB

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ မြင်းကပိုင်ကျေးရွာက ရွာသားတွေ ကိုယ်ထူကိုယ်ထ ဖောက်လုပ်ခဲ့တဲ့ လမ်းကို  ဦးပိုင်လီမီတက်ပိုင်သံမဏိစက်ရုံက ပိတ်ထားတဲ့အတွက် ဒေသခံပြည်သူတွေ သွားလာရေးအခက်ကြုံနေရပါတယ်။

ရွာနဲ့ ပြည်-အောင်လံ ကားလမ်းမကြီး ဆက်သွယ်သွားလာနိုင်ဖို့  ဖောက်လုပ်ထားတဲ့ လမ်းကို ဦးပိုင်လီမီတက်ပိုင်သံမဏိစက်ရုံ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ဩဂုတ်လကစလို့ လုံခြုံရေး အကြောင်းပြပြီး ည ၁၀ နာရီကနေ မနက် ၆ နာရီထိ တားဆီးကန့်သတ်ပိတ်ဆို့ခဲ့တာပါ။

၂၀၁၁-၁၂ ခုနှစ်တုန်းကလည်း အခုလိုလမ်းပိတ်ခဲ့လို့ မြင်းကပိုင်ရွာသူ ဒေါ်အေးအေးသင်းနဲ့ ဒေါ်ခင်မျိုးဆွေတို့က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ILO ကိုတိုင်ကြားခဲ့ရာမှာ လမ်း ပြန်လည်ဖွင့်ပေးခဲ့ပြီး အခုထပ်မံပိတ်ဆို့တာဖြစ်ပါတယ်။

မြင်းကပိုင်ရွာသူ ဒေါ်ခင်မျိုးဆွေက  "သီတင်းကျွတ်အခါမှာ ရွာကကျောင်းသားတွေ ဝန်ထမ်းတွေ ညအချိန် ၂ နာရီလောက် ရောက်တော့ ရွာကိုပြန်လာလို့ မရတော့ဘူး။ မွေးလူနာတွေ၊ အရေးပေါ်ဆေးရုံသွားရမယ့် ကိစ္စဆို တံခါးပိတ်ထားတော့ အဆင်မပြေနိုင်ဘူး။ အစိုးရပိုင်းအနေနဲ့ ကျမတို့ရွာသားတွေ အခက်အခဲကို ဖြေရှင်းပေးစေချင်ပါတယ်"လို့ ပြောပါတယ်။

သံမဏိစက်ရုံဘက်က မြင်းကပိုင်ရွာ ရွာခွဲတာဝန်ခံ ဦးကြည်ရှိန် ထံမှာ တံခါးသော့ပေးထားပြီး ညရေးညတာသွားလာမယ်ဆို သော့သွားယူပြီး တံခါးဖွင့်သွားလာနေရပါတယ်။

 မြင်းကပိုင်ရွာ ရွာခွဲတာဝန်ခံ ဦးကြည်ရှိန်က "စက်ရုံတာဝန်ခံက ကျနော့်ကိုခေါ်ပြီးတော့ စက်ရုံဝန်းကျင်မှာ သူခိုးသူဝှက်တွေရှိနေလို့ ည ၁၀ နာရီကနေ မနက် ၆ နာရီထိ ပိတ်မယ် ခေါ်ပြောပြီး သော့ပေးထားတယ်။ ည ၁၀ နာရီနောက်ပိုင်း သွားလာချင်ရင် ကျနော့်ဆီကသော့ လာယူကြပေါ့။ အချိန်အခါနဲ့ မပိတ်ဘဲဖွင့်ထားရင်တော့ ရွာသားတွေအဆင်ပြေတာပေါ့"လို့ ပြောပါတယ်။

မြင်းကပိုင်ရွာသား အလုပ်သမားသမဂ္ဂ အတွင်းရေးမှူး ဦးကျော်ခိုင်လင်း က "လွတ်လပ်စွာ သွားလာပိုင်ခွင့် ပြဋ္ဌာန်းပြီးသားပါ။ တံခါးပိတ်ထားတဲ့အတွက် ရွာကိုပြန်လာတဲ့ ကလေးတွေ အဲ့တံခါးနားမှာ မိုးလင်းထိထိုင်စောင့်ပြီးမှ အိမ်ကိုဝင်ရတယ်။ လူ့အခွင့်အရေး ကော်မရှင်နဲ့ နိုင်ငံတော်သမ္မတထိတင်ပြမယ်"လို့ ဆိုပါတယ်။

သံမဏိစက်ရုံလက်ထောက်စက်ရုံမှူး ဦးတင်အေး ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့တာမှာ တော့ "စက်ရုံမှာသူခိုးတွေ တအားဝင်တယ်၊ လိုင်းခန်းတွေအထိ တံခါးဆွဲဖွင့် အိပ်နေတာကို အတင်းဝင်ပြီးတော့ အနုကြမ်းစီး သလိုဖြစ်နေတယ်၊ သူတို့နယ်မြေ မဟုတ်ဘူးည ၁၀ နာရီကနေ ၆ နာရီထိပိတ်တယ်ဆိုတာ စက်ရုံလမ်းမို့ပေါ့"လို့ ပြောပါတယ်။

စက်ရုံဝန်ထမ်းလိုင်းခန်းနဲ့ မြင်းကပိုင်ရွာအဝင်လမ်း နီးပေမယ့် လိုင်းခန်းဘက်အဝင်လမ်းမှာ လုံခြုံရေးဂိတ်ထားပြီး အဝင်အထွက် စိစစ်သင့်တဲ့အကြောင်းနဲ့  မြင်းကပိုင်ရွာသားတွေဟာ တခါမှခိုးမှု ကျူးလွန်ခဲ့တာမရှိဘူးလို့ ကျေးရွာပြည်သူတွေက ပြောပါတယ်။

မြင်းကပိုင်ရွာနဲ့အလှမ်းဝေးတဲ့ သီးခြားနေရာမှာ သံမဏိစက်ရုံကို ၁၉၉၅/၉၆ ခုနှစ်လောက်က တည်ဆောက်ထားတာပါ။

သတင်း - ဘဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013