
မြောက်ကိုရီးယားအစိုးရဟာ ဆိုက်ဘာခြိမ်းခြောက်မှုတခု ဖြစ်တယ်လို့ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်တွေကို မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၃ ရက်မှာ ပယ်ချလိုက်ပါတယ်။
အမေရိကန်အစိုးရရဲ့ ရေရှည်ရန်လိုတဲ့ မူဝါဒကို အမှန်တရားအဖြစ် လက်ခံလာအောင် လုပ်ဖို့ ရည်ရွယ်တဲ့ လုပ်ကြံပြောဆိုမှုလို့ နိုင်ငံပိုင်မီဒီယာ KCNA က ပြောပါတယ်။
နိုင်ငံရေးရည်ရွယ်ချက်တွေအတွက် မြောက်ကိုရီးယားကနေ “တကယ်မရှိနိုင်တဲ့ ဆိုက်ဘာ ခြိမ်းခြောက်မှု”အကြောင်း မှားယွင်းတဲ့ သတင်းအချက်အလက်တွေကို အမေရိကန်က ဖြန့်ဝေနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“ကျနော်တို့နိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေတဲ့ ရယ်စရာကောင်းတဲ့ အသရေဖျက်မှုဖြစ်တယ်”လို့ ပြောရေးဆိုခွင့်ရှိသူက ဖော်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားအစိုးရဟာ နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့နဲ့ ဆိုက်ဘာနယ်ပယ်မှာ နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ လိုအပ်တဲ့ အစီအမံအားလုံးကို တက်တက်ကြွကြွ လုပ်ဆောင်သွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူက သတိပေးခဲ့တယ်လို့လည်း KCNA က ပြောပါတယ်။
ဆိုင်ဘာဖောက်ထွင်းမှု၊ ဒစ်ဂျစ်တယ်ငွေကြေး၊ ခရစ်ပတိုငွေကြေး ခိုးယူမှုနဲ့ လက်နက် အစီအစဉ်တွေအတွက် ဝင်ငွေရှာဖို့ အသုံးပြုတဲ့ ပြည်ပ IT ဝန်ထမ်းတွေရဲ့ ကွန်ရက်တွေ အပါအဝင် နိုင်ငံတော်က ကျောထောက်နောက်ခံပေးထားတဲ့ ဆိုက်ဘာ လှုပ်ရှားမှုတွေအတွက် မြောက်ကိုရီးယားကို အမေရိကန်အရာရှိတွေက အကြိမ်ကြိမ် စွပ်စွဲခဲ့ပါတယ်။
အမေရိကန်အစိုးရဟာ မြောက်ကိုရီးယား ဆိုက်ဘာလုပ်ငန်းဆောင်တာတွေနဲ့ IT ဝန်ထမ်းကွန်ရက်တွေအပေါ် ပိတ်ဆို့မှုတွေ အများကြီး ချမှတ်ထားတာပါ။
ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာနနဲ့ FBI တို့အားလုံးက မြောက်ကိုရီးယားရဲ့ ဆိုက်ဘာလုပ်ငန်းတွေဟာ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုတခုအဖြစ် ဆက်ရှိနေတယ်လို့ သတိပေးထားပါတယ်။
Source: Reuters











