
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ယူကရိန်းမြို့တော် ကိယက်ဗ်မြို့က ယူကရိန်းကာကွယ်ရေး စက်မှုလုပ်ငန်း အဆောက်အအုံတွေကို စနစ်တကျ စတင်တိုက်ခိုက်တော့မယ်လို့ မေ ၂၅ ရက်မှာ ပြောခဲ့ပြီး နိုင်ငံခြားသားတွေကို မြို့ကနေ ထွက်ခွာကြဖို့ သတိပေးခဲ့ပါတယ်။
မေ ၂၂ ရက်က ကျောင်းသားအဆောင်တခုကို ယူကရိန်းက ရည်ရွယ်ချက်ရှိရှိ ဒရုန်းနဲ့ တိုက်ခိုက်မှုလို့ သူတို့ပြောတဲ့လုပ်ရပ်ကို တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့လည်း ကြေညာချက်တစောင်မှာ ဖော်ပြထားပါတယ်။
ယူကရိန်းစစ်တပ်က ထိပ်တန်းဒရုန်းကွပ်ကဲမှုယူနစ်တခုကို တိုက်ခိုက်ခဲ့တာလို့ ပြောပြီး ရုရှားပြောသလို တာဝန်ယူဖို့ကို ငြင်းဆိုခဲ့ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ စတာရိုဘီလ်စ်မှာ တိုက်ခိုက်မှုဟာ “နောက်ဆုံးကောက်ရိုး” ကို ညွှန်ပြနေပြီး ရုရှားက စနစ်တကျ တုံ့ပြန်တဲ့အနေနဲ့ ဆက်တိုက် တိုက်ခိုက်သွားမယ်လို့ ပြောခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ မောင်းသူမဲ့ယာဉ် UAV တွေကို ဒီဇိုင်းထုတ်၊ ထုတ်လုပ်၊ ပရိုဂရမ်ရေးပြီး သုံးဖို့ ပြင်ဆင်ထားတဲ့ သီးခြားနေရာတွေကို ပစ်မှတ်ထားမယ်လို့လည်း ပြောပါတယ်။
အဲဒီလို အဆောက်အအုံတွေဟာ ကိယက်ဗ်မြို့တဝိုက်မှာ ပြန့်ကျဲနေတာကို ထောက်ပြပြီး သံတမန်ရေးရာ လုပ်ငန်းတာဝန်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဝန်ထမ်းတွေ အပါအဝင် နိုင်ငံခြားသားတွေ မြို့ကနေ အမြန်ဆုံးထွက်ခွာဖို့ သတိပေးနေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကိယက်ဗ်မြို့သားတွေအနေနဲ့ စစ်ဘက်နဲ့ အုပ်ချုပ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေဆီ မချဉ်းကပ်ဖို့လည်း တိုက်တွန်းထားတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက နောက်ပိုင်းထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လာ့ဗ်ရော့ဗ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုကို အစီအစဉ်နဲ့ပတ်သက်လို့ အကြံပေးခဲ့ပြီး ကိယက်ဗ်မြို့တော်က အမေရိကန်သံရုံးဝန်ထမ်းတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့ တိုက်တွန်းခဲ့တယ်လို့ ဖော်ပြပါတယ်။
Source: Reuters










