
ရုရှားတပ်ဖွဲ့တွေက ယူကရိန်းတဝန်း နေရာအများအပြားမှာရှိတဲ့ စစ်ဘက်အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး ဇွန် ၂၀ ရက်စတင် အကြီးအကျယ် တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
ရုရှားစစ်တပ်ဟာ ဆူမီ၊ ခါကိဗ်၊ ဒန်ညက်စ်နဲ့ နီပရို ပီထရော့ဗ်စကီဒေသတွေက ယူကရိန်း စစ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာလို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက အစီရင်ခံစာ ထုတ်ပြန်ပြောပါတယ်။
ရုရှားတပ်ဖွဲ့တွေက ယူကရိန်း လောင်စာဆီနဲ့ စွမ်းအင်စက်ရုံတွေ၊ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံတွေ၊ ဒရုန်းထုတ်လုပ်ရေးစက်ရုံတွေနဲ့ သိုလှောင်ရုံတွေကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီအစီရင်ခံစာကို ယူကရိန်းဘက်က မတုံ့ပြန်သေးပါဘူး။ စစ်ပွဲစပြီးနောက်ပိုင်း ယူကရိန်းရဲ့ အကြီးမားဆုံး တိုက်ခိုက်မှုအတွင်း လွန်ခဲ့တဲ့ ၃ ရက်က ရုရှားရေနံချက်စက်ရုံတရုံ ထိမှန်ခံရပြီးတဲ့နောက် မော်စကိုမြို့ရဲ့ အစိတ်အပိုင်းတခုမှာ အနက်ရောင် မိုးတွေ ရွာသွန်းခဲ့ပါတယ်။
ယူကရိန်းက ဒရုန်း အစင်းရေ ၂၀၀ နီးပါးနဲ့ ရုရှားမြို့တော်ကို ပစ်ခတ်ခဲ့တာပါ။ ၂၄ နာရီအတွင်း ရုရှနိုင်ငံတဝန်း ဒရုန်းအစင်း ၁,၀၀၀ နီးပါးနဲ့ ယူကရိန်းခရုဇ်ဒုံးကျည် ၄ စင်းကို ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
တောင်ပိုင်း ရို့စ်တော့ဗ်ဒေသက ရေနံလှောင်ကန်တခုကို ထိမှန်ခဲ့ပြီး လူတယောက် သေဆုံးခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဒရုန်းတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့အပတ်က ကိယက်ဗ်မြို့တော်ကို ရုရှား တိုက်ခိုက်မှုအတွက် တုံ့ပြန်တာလို့ ပြောပါတယ်။
Source: Reuters










