DVB Logo
Home
မြန်မာသတင်း
အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲတော် ဖယ်ခုံမြို့နယ် နှောင်လိုင်ကျေးရွာတွင် ပြုလုပ်
DVB
·
October 5, 2019
အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲတော် ဖယ်ခုံမြို့နယ် နှောင်လိုင်ကျေးရွာတွင် ပြုလုပ်
1 / 12
Donate to DVB

ကယားအမျိုးသားတို့ရဲ့စုပေါင်း အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲတော်ကို ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် နှောင်လိုင်ကျေးရွာမှာ အောက်တိုဘာ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲတော်ကို ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ ကယား၊ ကယန်းနှင့် ကယောမျိုးနွယ်စုတွေအပြင် လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆို အစရှိတဲ့မြို့နယ်တွေက ကယားလူမျိုးတွေလည်း ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

ကယားအမျိုးသားစာပေနှင့်ယဉ်ကျေးမှုကော်မီတီအတွင်းရေးမှူး ခူးဖဲညွန့်ရယ်တော့ “အဲဒိုပေါ်မီကျင်းပရရှိခြင်းဟာ ကယားလီဖူးတို့ရဲ့ခေါင်းဆောင်များကို အောက်မေ့သတိရခြင်း၊ နိုင်ငံရေး အုပ်ချုပ်ရေးကို အထွတ်အထိပ်ထားခြင်းသော်လည်းကောင်း မကောင်းဆိုးဝါးများနှင်ထုတ်ခြင်း၊ ကျန်းမာရေးကောင်းမွန်စေရေး၊ ရောဂါဘယ ကင်းဝေးခြင်း၊ စည်းလုံးညီညွတ်ခြင်းနဲ့ လူထုစီးပွားရေးအတွက်ပါ အထွတ်အထိပ်ထားခြင်း စတဲ့ တန်ဖိုးကြီးလှတဲ့ ရိုးရာအစဉ်အလာကောင်းတရပ်ဖြစ်ပါတယ်” လို့ အဲဒိုပေါ်မီဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။

ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးကလည်း ကယားတိုင်းရင်းသားများရဲ့ ရိုးရာယဉ်ကျေးမှုများထဲမှ တခုဖြစ်တဲ့ အဲဒိုပေါ်မီပွဲကြီးကို ရာသက်ပန် လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း အန်အယ်ဒီအစိုးရအနေနဲ့ တိုင်းရင်းသားတွေရဲ့ခံစားချက် လစ်လျူရှုမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)အ ထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ဒီအဲဒိုပေါ်မီပွဲမှာ သမိုင်းအစဉ်အလာအရ ယွန်းတွေရဲ့ကျူးကျော်မှုကို စည်းလုံးညီညွတ်စွာ ကောက်ညှင်းထုပ်ပြီး စားသုံးကာ တိုက်ပွဲဝင်အောင်မြင်ခဲ့လို့ အစဉ်အလာကြီးမားတဲ့ ပွဲတော်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“ကရင်နီအမျိုးသားများဟာ တနေ့တချိန်တုန်းက ကိုယ့်မင်း၊ ကိုယ့်ချင်းတဲ့ လွတ်လပ်သောတိုင်းပြည်တခုကို ထူထောင်နိုင်တဲ့ အစဉ်အလာကြီးမားပြီးတော့ စည်းလုံးညီညွွတ်တဲ့ လူမျိုးဖြစ်တယ်လို့ သမိုင်း အထောက်အထားရှိပါတယ်။ ဒီသမိုင်းအထောက်အထားကိုလည်း ဆက်လက်သယ်သွားစေချင်ပါတယ်။ ” 

ဒီကနေ့ ကျင်းပတဲ့ အဲဒိုပေါ်မီပွဲတော် နောက်ဆုံးရက်မှာ လူပေါင်းထောင်ချီတက်ရောက်ခဲ့ကြပါတယ်။

ယွန်းတွေရဲ့ ကျူးကျော်မှုကို (ကယား)ကရင်နီလူမျိုးတို့က “ဒီးကူ” လို့ခေါ်တဲ့ ကိုင်းပင်တမျိုးရဲ့ အရွက်နဲ့ ကောက်ညှင်းထုပ်ကာ ချည်နှောင်ချက်ပြုတ်ထားပြီး မပုပ်မသိုးပဲကြာရှည် အထားခံနိုင်အောင် ရိက္ခာအဖြစ်အသုံးပြုခဲ့ကြရင်း နေ့ရောညပါ အဆက်မပြတ် တိုက်ထုတ်နိုင်ခဲ့ကြပါတယ်။

ယွန်းလူမျိုးတို့ရဲ့ ဖိနှိပ်ကျွန်ပြုမှုအောက်က လွတ်မြောက်အောင် အဓိက ဦးဆောင်ခဲ့ကြတဲ့က ယား၊ ကယန်းနဲ့ ကယောတို့ကို ရည်စူးပြီး ဒီနေ့ထိတိုင် မမေ့နိုင်အောင် သုံးထောင့်ပုံသဏ္ဌာန် ကောက်ညင်းထုပ်ကို သုံးခုလျှင် တစည်းတည်းဖြစ်အောင် ချည်နှောင်ထားပါတယ်။ တစီးချင်းကိုလည်း နှီးဖြင့် စုပေါင်းတွဲကာ တစ်ရေနှစ်ရေ ခန်းတဲ့အထိ တညလုံး ပြုတ်ကြရပါတယ်။

ယွန်းလူမျိုးတွေကို တိုက်ထုတ်နိုင်ခဲ့တဲ့ အချိန်ဟာ အခုလို မိုးရာသီအချိန်မှာဖြစ်တဲ့အတွက် စက်တင်ဘာနဲ့ အောက်တိုဘာလတွေထဲမှာ “ဖိနှိပ်မူမှ ​လွတ်မြောက်တဲ့ အထိမ်းအမှတ်” အနေနဲ့ ဒီးကူပွဲခေါ် ကောက်ညှင်းထုပ်ပွဲကို နှစ်စဉ်နဲ့အမျှ ကျေးရွာတိုင်းလိုလိုက သူ့ရွာနဲ့သူ ကြက်ရိုးထိုးပြီး ပွဲကျင်းပဖို့ ရက်တွေ သတ်မှတ်လာခဲ့ကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013