DVB Logo
Home
မြန်မာသတင်း
ကရင်နီလူငယ် ၆ ဦး ထောင်ဝင်စာတွေ့ခွင့် ပိတ်ခံထားရ
DVB
·
September 23, 2019
ကရင်နီလူငယ် ၆ ဦး ထောင်ဝင်စာတွေ့ခွင့် ပိတ်ခံထားရ
Donate to DVB

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကိစ္စနဲ့ပတ်သက်ပြီး နိုင်လွတ်လုံ ဥပဒေနဲ့ ထောင်တွင်း တရားရင်ဆိုင်နေရတဲ့ ကရင်နီ လူငယ်ခြောက်ဦးကို ထောင်ဝင်စာတွေ့ခွင့်ပိတ်ထားကြောင်း ထောင်ဝင်စာသွားတွေ့သူတွေကပြောပါတယ်။

လူငယ်တွေကိုထောင်ဝင်စာသွားတွေ့ရာမှာ အကျဉ်းထောင်တာဝန်ခံက ပေးမတွေ့ခဲ့ဘူးလို့ ဒီကနေ့ ထောင်ဝင်စာသွားတွေ့တဲ့ ကယန်းမျိုးဆက်သစ်လူငယ်ဥက္ကဋ္ဌ ခွန်ဘားနက်ဘုတ်က ပြောပါတယ်။

မနေ့ညက ထောင်တွင်းမှာ လူငယ် ၆ ဦးက အော်ဟစ်တယ်ဆိုပြီး ထောင်ဝင်စာပိတ်တဲ့ သဘောဖြစ်တယ်လို့ ခွန်ဘားနက်ဘုတ်က ပြောပါတယ်။

“ကျနော်တို့ မနက်ကတည်းက တွေ့ဖို့သွားစောင့်နေတာ တွေ့ခွင့်မပေးတော့ ပြန်လာ လိုက်ရတယ်။ ဒုညွန်မှူးက ပြောတာကတော့ ထောင်ထဲမှာ မနေ့ညက သူတို့နည်းနည်းအော်တာတို့ ဘာတို့ လုပ်လို့ပေါ့နော်။ အဲဒီအပေါ်မှာ ပြန်ပြီးတော့ ဒဏ်ခတ်တဲ့သဘောမျိုးဖြစ်မယ်။ ”

ဘာကြောင့် ကရင်နီလူငယ်တွေ ထောင်တွင်းအော်ဟစ်ခဲ့ကြတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပေမယ့် ဒီမတိုင်ခင်က မြေသိမ်းခံရမှုနဲ့ ဖမ်းဆီး တရားစွဲဆိုခံရတဲ့ ကယားပြည်နယ်က တောင်သူတွေကို တခြားအကျဉ်းသားနဲ့ မထားဖို့ တောင်းဆိုမှုတွေ ရှိခဲ့ကြောင်းလည်း ပြောပါတယ်။

“ကျနော်ကတော့ အတိအကျတော့ မသိဘူး။ ဒါပေမယ့်တခုရှိတာက သူတို့နဲ့ကျနော်တို့ တွေ့တဲ့အချိန်မှာ သူတို့ ပြောထားတာက တောင်သူတွေလယ်သိမ်းခံရတဲ့ကိစ္စမှာ စစ်တပ်က တရားစွဲထားတာက နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ အမှုမျိုးမဟုတ်ဘဲနဲ့ သာမန်ရာဇဝတ်မှုမျိုးနဲ့ပဲ တရားစွဲတဲ့ပုံစံမျိုး အဲဒါက တချက်၊ ဒုတိယအချက်က တောင်သူတွေကို နိုင်ငံရေး အကျဉ်းသား အနေနဲ့ အသိအမှတ်မပြုဘဲနဲ့ ရာဇဝတ်သားတွေနဲ့ အတူတူထားတဲ့အပေါ်မှာသူတို့ကတော့ ဒီထောင်တွင်းကနေ လှုပ်ရှားသွားဖို့ရှိမယ်ဆိုတဲ့ပုံစံမျိုးတော့ သူတို့ ပြောထားတာတော့ ရှိတယ်ပေါ့။ အဲတော့ ဖြစ်နိုင်ချေရှိတာက အဲဒီကိစ္စကြောင့်ဖြစ်မယ်။ ”

လွိုင်ကော်အကျဉ်းဦးစီးဌာနကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ တာဝန်ကျအရာရှိ တဦးက ထောင်တွင်းမှာအော်လို့ တာဝန်ခံကနေ ပိတ်ခိုင်းလို့ ပိတ်ရတာဖြစ်ကြောင်းနဲ့ ဘာကြောင့်အော်ဟစ်လဲ ဆိုတာကိုတော့ ပြောဆိုခြင်းမရှိပါဘူ။

“တာဝန်ခံအရာရှိက ပိတ်ခိုင်းထားလို့ပါခင်ဗျား။ သူတို့အထဲမှာနည်းနည်း အော်ဟစ်ဆူပူလို့ပါ ခင်ဗျား။ ဘာကိစ္စကြောင့်လဲဆိုတာတော့ ကျနော်တို့ ပြောလို့မရပါဘူးခင်ဗျာ။”

လွိုင်ကော်ထောင်ပိုင်ဟောင်း ဦးမြင့်စိုးကတော့  ဒီလိုအခင်းအကျင်းတွေက ဖြစ်တတ်ပေမယ့် မိသားစုဝင်တွေကိုတော့ တွေ့ခွင့်ပေးလေ့ရှိတယ်လို့ပြောပါတယ်။

“တခါတလေကျရင်လည်း ဖြစ်တတ်တယ်။ သူတို့တွေ ထောင်ဝင်စာဘာညာ အထဲထဲမှာ နည်းနည်းလေး ထိန်းသိမ်းတာတွေဘာတွေ ရှိလို့ရှိရင်မကြာခဏ အဲလိုတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့်လို့ ပြန်ဖွင့်ပေးတာပဲ။ ဆွေမျိုးသားချင်းတွေဆိုရင်တော့ ဖွင့်ပေးပါတယ်။ ကျနော်တို့ကတော့ မပိတ်ပါဘူး။ ထောင်ဝင်စာ ပိတ်တဲ့ ထုံးစံတော့ မရှိပါဘူး။”

ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ (၁၀) နဲ့ တရားစွဲခံထားရတဲ့ ကရင်နီ လူငယ် ၆ ဦးကို မနက်ဖြန် စက်တင်ဘာလ ၂၄ ရက်နေ့မှာ ရုံးထုတ်ဖို့ရှိနေပါတယ်။

=============================

ကရင္နီလူငယ္ ၆ ဦး ေထာင္ဝင္စာေတြ႕ခြင့္ ပိတ္ခံထားရ

ေနာ္ႏိုရင္း

ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကး႐ုပ္တုကိစၥနဲ႔ပတ္သက္ၿပီး ႏိုင္လြတ္လုံ ဥပေဒနဲ႔ ေထာင္တြင္း တရားရင္ဆိုင္ေနရတဲ့ ကရင္နီ လူငယ္ေျခာက္ဦးကို ေထာင္ဝင္စာေတြ႕ခြင့္ပိတ္ထားေၾကာင္း ေထာင္ဝင္စာသြားေတြ႕သူေတြကေျပာပါတယ္။

လူငယ္ေတြကိုေထာင္ဝင္စာသြားေတြ႕ရာမွာ အက်ဥ္းေထာင္တာဝန္ခံက ေပးမေတြ႕ခဲ့ဘူးလို႔ ဒီကေန႔ ေထာင္ဝင္စာသြားေတြ႕တဲ့ ကယန္းမ်ိဳးဆက္သစ္လူငယ္ဥကၠ႒ ခြန္ဘားနက္ဘုတ္က ေျပာပါတယ္။

မေန႔ညက ေထာင္တြင္းမွာ လူငယ္ ၆ ဦးက ေအာ္ဟစ္တယ္ဆိုၿပီး ေထာင္ဝင္စာပိတ္တဲ့ သေဘာျဖစ္တယ္လို႔ ခြန္ဘားနက္ဘုတ္က ေျပာပါတယ္။

“က်ေနာ္တို႔ မနက္ကတည္းက ေတြ႕ဖို႔သြားေစာင့္ေနတာ ေတြ႕ခြင့္မေပးေတာ့ ျပန္လာ လိုက္ရတယ္။ ဒုၫြန္မႉးက ေျပာတာကေတာ့ ေထာင္ထဲမွာ မေန႔ညက သူတို႔နည္းနည္းေအာ္တာတို႔ ဘာတို႔ လုပ္လို႔ေပါ့ေနာ္။ အဲဒီအေပၚမွာ ျပန္ၿပီးေတာ့ ဒဏ္ခတ္တဲ့သေဘာမ်ိဳးျဖစ္မယ္။ ”

ဘာေၾကာင့္ ကရင္နီလူငယ္ေတြ ေထာင္တြင္းေအာ္ဟစ္ခဲ့ၾကတယ္ဆိုတာကိုေတာ့ အတိအက် မသိရေသးေပမယ့္ ဒီမတိုင္ခင္က ေျမသိမ္းခံရမႈနဲ႔ ဖမ္းဆီး တရားစြဲဆိုခံရတဲ့ ကယားျပည္နယ္က ေတာင္သူေတြကို တျခားအက်ဥ္းသားနဲ႔ မထားဖို႔ ေတာင္းဆိုမႈေတြ ရွိခဲ့ေၾကာင္းလည္း ေျပာပါတယ္။

“က်ေနာ္ကေတာ့ အတိအက်ေတာ့ မသိဘူး။ ဒါေပမယ့္တခုရွိတာက သူတို႔နဲ႔က်ေနာ္တို႔ ေတြ႕တဲ့အခ်ိန္မွာ သူတို႔ ေျပာထားတာက ေတာင္သူေတြလယ္သိမ္းခံရတဲ့ကိစၥမွာ စစ္တပ္က တရားစြဲထားတာက ႏိုင္ငံေရးနဲ႔သက္ဆိုင္တဲ့ အမႈမ်ိဳးမဟုတ္ဘဲနဲ႔ သာမန္ရာဇဝတ္မႈမ်ိဳးနဲ႔ပဲ တရားစြဲတဲ့ပုံစံမ်ိဳး အဲဒါက တခ်က္၊ ဒုတိယအခ်က္က ေတာင္သူေတြကို ႏိုင္ငံေရး အက်ဥ္းသား အေနနဲ႔ အသိအမွတ္မျပဳဘဲနဲ႔ ရာဇဝတ္သားေတြနဲ႔ အတူတူထားတဲ့အေပၚမွာသူတို႔ကေတာ့ ဒီေထာင္တြင္းကေန လႈပ္ရွားသြားဖို႔ရွိမယ္ဆိုတဲ့ပုံစံမ်ိဳးေတာ့ သူတို႔ ေျပာထားတာေတာ့ ရွိတယ္ေပါ့။ အဲေတာ့ ျဖစ္ႏိုင္ေခ်ရွိတာက အဲဒီကိစၥေၾကာင့္ျဖစ္မယ္။ ”

လြိဳင္ေကာ္အက်ဥ္းဦးစီးဌာနကို ဆက္သြယ္ေမးျမန္းၾကည့္ရာမွာေတာ့ တာဝန္က်အရာရွိ တဦးက ေထာင္တြင္းမွာေအာ္လို႔ တာဝန္ခံကေန ပိတ္ခိုင္းလို႔ ပိတ္ရတာျဖစ္ေၾကာင္းနဲ႔ ဘာေၾကာင့္ေအာ္ဟစ္လဲ ဆိုတာကိုေတာ့ ေျပာဆိုျခင္းမရွိပါဘူ။

“တာဝန္ခံအရာရွိက ပိတ္ခိုင္းထားလို႔ပါခင္ဗ်ား။ သူတို႔အထဲမွာနည္းနည္း ေအာ္ဟစ္ဆူပူလို႔ပါ ခင္ဗ်ား။ ဘာကိစၥေၾကာင့္လဲဆိုတာေတာ့ က်ေနာ္တို႔ ေျပာလို႔မရပါဘူးခင္ဗ်ာ။”

လြိဳင္ေကာ္ေထာင္ပိုင္ေဟာင္း ဦးျမင့္စိုးကေတာ့  ဒီလိုအခင္းအက်င္းေတြက ျဖစ္တတ္ေပမယ့္ မိသားစုဝင္ေတြကိုေတာ့ ေတြ႕ခြင့္ေပးေလ့ရွိတယ္လို႔ေျပာပါတယ္။

“တခါတေလက်ရင္လည္း ျဖစ္တတ္တယ္။ သူတို႔ေတြ ေထာင္ဝင္စာဘာညာ အထဲထဲမွာ နည္းနည္းေလး ထိန္းသိမ္းတာေတြဘာေတြ ရွိလို႔ရွိရင္မၾကာခဏ အဲလိုေတြျဖစ္တတ္ပါတယ္။ ဒါေပမယ့္လို႔ ျပန္ဖြင့္ေပးတာပဲ။ ေဆြမ်ိဳးသားခ်င္းေတြဆိုရင္ေတာ့ ဖြင့္ေပးပါတယ္။ က်ေနာ္တို႔ကေတာ့ မပိတ္ပါဘူး။ ေထာင္ဝင္စာ ပိတ္တဲ့ ထုံးစံေတာ့ မရွိပါဘူး။”

ဗိုလ္ခ်ဳပ္ေၾကး႐ုပ္တုကိစၥနဲ႔ပတ္သက္ၿပီး ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ လုံၿခဳံမႈကို ကာကြယ္ေပးေရး ဥပေဒ ပုဒ္မ (၁၀) နဲ႔ တရားစြဲခံထားရတဲ့ ကရင္နီ လူငယ္ ၆ ဦးကို မနက္ျဖန္ စက္တင္ဘာလ ၂၄ ရက္ေန႔မွာ ႐ုံးထုတ္ဖို႔ရွိေနပါတယ္။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013