DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲဖြစ်နေတဲ့ အရှေ့အလယ်ပိုင်းရောက် မြန်မာသင်္ဘောသားတွေ အခြေအနေ ဘယ်လိုရှိပါလဲ
သီရိ
·
April 1, 2026
Photo : Reuters
Photo : Reuters
Donate to DVB

အစ္စရေး-အမေရိကန်နဲ့ အီရန်တို့ တိုက်ပွဲတွေဖြစ်လာတာ တလကျော်ရှိလာနေပါပြီ။  အဲဒီတိုက်ပွဲဖြစ်ပွားတဲ့ နိုင်ငံတွေရဲ့ ရေပိုင်နက်ကို ရောက်နေတဲ့ မြန်မာသင်္ဘောသားတွေရဲ့ အခြေအနေကရော ဘယ်လိုရှိပါလဲ။

ဖေဖော်ဝါရီ ၂၈ ရက်ကစလို့ အစ္စရေး-အမေရိကန်နဲ့ အီရန်တို့ နှစ်ဖက်အပြန်အလှန် တိုက်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် မတ် ၃ ရက်မှာ ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့ခဲ့ပါတယ်။

စစ်ပွဲကြောင့် ပင်လယ်ပြင်က သင်္ဘောတွေ သွားလာမှု ကန့်သတ်ခံနေရပြီး သင်္ဘောဝန်ထမ်းတွေရဲ့ လုံခြုံရေးဟာလည်း စိုးရိမ်စရာ အခြေအနေမှာ ရှိနေတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

သင်္ဘောတွေအနေနဲ့ ဆက်ပြီးသွားလာရမှ ာခက်ခဲတဲ့အတွက် ပင်လယ်ပြင်ကို မသွားသေးဘဲ သူတို့ရောက်နေတဲ့ နီးစပ်ရာနိုင်ငံတွေရဲ့ ရေပိုင်နက်မှာပဲ သင်္ဘောတွေကို ရပ်ထားရပါတယ်။ 

အီရန်ကမ်းခြေ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းဖို့ အတွက်လည်း သင်္ဘောတွေ တန်းစီစောင့်ဆိုင်းနေရပြီး အဲဒီသင်္ဘောတွေမှာလိုက်ပါနေတဲ့ ဝန်ထမ်းတွေရဲ့ အခြေအနေကို မြန်မာသင်္ဘောသားတယောက်က ပြောပါတယ်။

“ပြန်မယ်ဆိုရင်တော့ နီးစပ်ရာ ဆိပ်ကမ်းကနေ သူတိုကို ပို့ပေးတယ်။ ဒီနားအထိ ရောက်နေတဲ့သူတွေ အများစုက၊ အဲဒီဘက်ကို ရောက်နေတယ်ဆိုတဲ့ လူတွေက စစ်မဖြစ်ခင်က ရောက်နေကြတဲ့သူတွေက များတယ်။ တချို့က အဲဒီစစ်ဖြစ်ပြီး နောက်ပိုင်းမှ သွားတာလည်းရှိတယ်။ အခု ကိုယ်တို့သင်္ဘောဆိုရင် အခုစစ်ဖြစ်ပြီးမှ သွားတာပေါ့။ အခုဆို အစ်ကိုတို့သင်္ဘောကလည်း စောင့်နေတာ။ အဲ့ဒီ ဟော်မုဇ်ရေလက်ကြားကို ဖြတ်ဖို့အတွက်ကို ချာတာ (Charterer)၊ ချာတာဆိုတာက ကုန်တင်ပို့တဲ့ ပွဲစားပေါ့။ အဲဒီပွဲစားက ကိုယ်တို့သင်္ဘောကို ရပ်ခိုင်းပြီးတော့ စောင့်ခိုင်းတာ။ အခုထိတော့ ဒီသင်္ဘောသားတွေအတွက် အစားအသောက်၊ ရေတွေနဲ့ ပတ်သက်ပြီး ဘာမှတော့ ထွေထွေထူးထူး မရှိသေးပါဘူး။ ကုမ္ပဏီကလည်း အကုန်လုံး လိုက်လုပ်ပေးနေတော့။”

အပြန်အလှန်ပစ်ခတ်မှုတွေအတွင်း လက်နက်အပိုင်းအစတွေ ကျရောက်ပေါက်ကွဲတဲ့အတွက် သင်္ဘောတွေ မီးလောင်ကျွမ်းတဲ့ အခြေအနေလည်း မကြာခဏ တွေ့နေရတယ်လို့ သင်္ဘောဝန်ထမ်းတွေက ပြောပါတယ်။ 

သင်္ဘောတွေအနေနဲ့ အရင်လို ရွေ့လျားနေရတဲ့ အခြေအနေ မဟုတ်တဲ့အတွက် စစ်ပွဲအတွင်း တဖက်နဲ့တဖက် အပြန်အလှန်ပစ်ခတ်နေတဲ့ လက်နက်အပိုင်းအစတွေ ကျရောက်ပေါက်ကွဲမှာကတော့ စိုးရိမ်စရာ အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။

UAE နိုင်ငံ ရေပိုင်နက်ထဲမှာတော့ သင်္ဘောအစီး ၁၅၀ လောက် ရပ်နားထားတဲ့အတွက် သင်္ဘော ဝန်ထမ်းတွေရဲ့ လုံခြုံရေးကိုတင်းကျပ်ထားပြီး ဝန်ထမ်းတွေရဲ့စိတ်ပိုင်းဆိုင်ရာ အဆင်ပြေဖို့အတွက် ကိုလည်း နှစ်သိမ့်ဆွေးနွေးမှုတွေ လုပ်ပေးနေရတယ်လို့ ဆိုပါတယ်။ 

အီရန်ဆိပ်ကမ်းဘက်မှာရှိနေတဲ့ သင်္ဘောတွေဟာ ပိုပြီး အန္တရာယ်များတဲ့အတွက် စာချုပ်ပြည့်ပြီးသား မြန်မာဝန်ထမ်းတွေအနေနဲ့ အီရန်ဆိပ်ကမ်းဘက်က သင်္ဘောတွေဆီကို မပြောင်းရွှေ့ကြဖို့ကိုလည်း အကြံပေးကြပါတယ်။ 

"ဒီလိုမျိုး ဖြစ်နေတဲ့ အခြေအနေကြီးထဲမှာ နေနေရတာဆိုတော့ အန္တရာယ်က အချိန်မရွေး အစ်ကိုတို့ဆီ ရောက်လာနိုင်တာပေါ့နော်။ အပေါ်ကနေ ပြုတ်ကျတာတို့ ဘာတို့ပေါ့နော်။ အထိခိုက်အရှနာတွေ ဖြစ်နိုင်တယ်ပေါ့။ အဲတော့ သူတို့အတွက်ကို လုံခြုံရေးကတော့ အစ်ကိုတို့က တင်းကျပ်ထားပါတယ်။ တင်းကျပ်ထားတယ်ဆိုတာက သူတို့အတွက် ဒီသင်္ဘောပေါ်မှာဆိုလို့ရှိရင် အစ်ကိုတို့ Security level ကို အမြင့်ဆုံး ထားထားပါတယ်။ သတ်မှတ်ထားတဲ့ နေရာတွေကိုပဲ သွားခွင့်ပေးပါတယ်။ ပြီးလို့ရှိရင် သင်္ဘောရဲ့ အမိုးအကေပေါ့နော် သင်္ဘောရဲ့ အတွင်းမှာပဲ နေခိုင်းပါတယ်။" 

ကမ္ဘာ့ရေကြောင်း သတ်မှတ်ချက်တွေအရ မတ‌ေ ၁၁ ရက်မှာ ထုတ်ပြန်တဲ့ JWC ရဲ့ စာရင်းအရ ဟော်မုဇ်ရေလက်ကြား၊ ပင်လယ်နီ (Red Sea) နဲ့ ယူကရိန်း ရေပိုင်နက်တွေကို အန္တရာယ်ရှိဇုန် အဖြစ် သတ်မှတ်ထားပါတယ်။ ဟော်မုဒ်ရေလက်ကြားကနေ ကမ္ဘာ့ရေနံ ရောင်းဝယ်မှုရဲ့ ၂၀ ရာခိုင်နှုန်းက ဖြတ်သန်းသွားလာနေရတာ ဖြစ်ပါတယ်။

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောတွေပေါ်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာသင်္ဘောသား အယောက် ၅၀၀ ဝန်းကျင်ရှိနေတယ်လို့ သင်္ဘောဝန်ထမ်းတွေရဲ့ အွန်လိုင်းမှာ ရေးသားနေတဲ့ စာတွေအရ သိရပါတယ်။ အီရန်က ဟော်မုဇ် ရေလက်ကြားကို ပိတ်ထားတဲ့အတွက် ကမ္ဘာတဝန်းမှာ လောင်စာဆီဈေးနှုန်းတွေ တရိပ်ရိပ် မြင့်တက်နေပါတယ်။ 

 

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013