
မြောက်ကိုရီးယားနိုင်ငံက ရေတပ်ရဲ့ တာဝန်ထမ်းဆောင်နိုင်စွမ်းနဲ့ စစ်ရေးအရ ဟန့်တားနိုင်စွမ်းတို့ရဲ့ ယုံကြည်စိတ်ချရမှုကို စစ်ဆေးအတည်ပြုဖို့ ရေငုပ်သင်္ဘောကနေ ပစ်လွှတ်နိုင်တဲ့ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည် နှစ်မျိုးကို အောက်တိုဘာ ၁၄ ရက်မှာ စမ်းသပ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက အောက်တိုဘာ ၁၅ ရက်မှာ ဖော်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ အရှေ့ဘက်ကမ်းလွန်ပင်လယ်ပြင်မှာ လုပ်ခဲ့တဲ့ ဒီစမ်းသပ်မှုတွေကို စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးတွေက စောင့်ကြည့်ခဲ့ကြတယ်လို့ KCNA သတင်းဌာနက ပြောပါတယ်။
ဒီစမ်းသပ်မှုဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ လုံခြုံရေးအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိကြောင်းက လွဲလို့ ဒုံးကျည်တွေ ပစ်လွှတ်မှုတွေနဲ့ပတ်သက်တဲ့ တခြားအသေးစိတ်အချက်အလက်တွေကို ထုတ်မပြောခဲ့ပါဘူး။
မြောက်ကိုရီးယားဟာ ခေတ်မီဒုံးကျည်တင် ရေငုပ်သင်္ဘောတွေအပြင် ပဲ့ထိန်းနဲ့ ခရုဇ်ဒုံးကျည်တွေ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပြီး သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ ရေငုပ်သင်္ဘောတစင်း အပါအဝင် ပလက်ဖောင်းအမျိုးမျိုးကတဆင့် ဒုံးကျည်တွေကို စမ်းသပ်ပစ်လွှတ်နေပါတယ်။
လက်ရှိအချိန်အထိ ခေတ်မီဒုံးကျည်တင် ရေငုပ်သင်္ဘောတစင်းကို အပြည့်အဝ လည်ပတ်အသုံးပြုနိုင်တဲ့ အခြေအနေမျိုးအထိ စတင်ထားခြင်း မရှိသေးဘူးလို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ယူဆထားပါတယ်။
ဒီကိစ္စရပ်ဟာ မဟာဗျူဟာမြောက် ပဲ့ထိန်းနဲ့ ခရုဇ်ဒုံးကျည်အမျိုးမျိုး ဖွံ့ဖြိုးတိုးတက်ရေးကို ကြီးကြပ်ဆောင်ရွက်ခဲ့သူဖြစ်တဲ့ နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ထိပ်တန်းစစ်ရေးဦးစားပေး လုပ်ငန်းစဉ်တခု ဖြစ်ပါတယ်။
Source: Reuters











