
အိန္ဒိယနိုင်ငံမှာ ရွေးကောက်ပွဲကော်မရှင်မင်းကြီးကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမတိုင်မီ ဒေလီမြို့တော်ကို အောက်တိုဘာ ၁၀ ရက်မှာ ပိတ်ဆို့ထားပြီး ရဲနဲ့ စစ်သည်ထောင်ပေါင်းများစွာ ကင်းလှည့်နေ ပါတယ်။
မြေအောက်ရထားဘူတာတွေကို ပိတ်ထားပြီး မိုဘိုင်းအင်တာနက်ကို ရပ်ဆိုင်းထားသလို အိန္ဒိယ ရွေးကောက်ပွဲအရာရှိချုပ် ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုတဲ့ လူငယ်ဆန္ဒပြမှုကို ကာကွယ်ဖို့ ဈေးတွေကိုပါ ပိတ်ထားပါတယ်။
ဝန်ကြီးချုပ် နရင်ဒြာမိုဒီရဲ့ BJPပါတီကို မျက်နှာသာ ပေးတယ်လို့ ဝေဖန်သူတွေက ထောက်ပြတဲ့ မဲဆန္ဒရှင်စာရင်းတွေကို ပြင်ဆင်မှုကြောင့် ရွေးကောက်ပွဲကော်မရှင်ချုပ် ဂျန်နက်ရှ် ကူးမား ရာထူးကနေ နုတ်ထွက်စေချင်နေတဲ့ ဆန္ဒပြသူထောင်ပေါင်းများစွာကို ပိုးဟပ်ပါတီ လူငယ်လှုပ်ရှားမှုက ဦးဆောင်တဲ့ ဆန္ဒပြပွဲက ဆွဲဆောင်ဖို့ မျှော်လင့်ထားပါတယ်။
မိုဒီကကြောက်နေလို့ ခြိမ်းခြောက်မှုကိုသုံးပြီး ဆန္ဒပြမှုတွေကို နှိမ်နင်းနေတာလို့ ပိုးဟပ်ပါတီကို တည်ထောင်သူ အဘီဂျစ် ဒီးပ်ကီက ပြောပါတယ်။
ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခွင့်အရေးတခုဖြစ်ပြီး ဆန္ဒပြသူတွေကို တားမှာ မဟုတ်ဘူးလို့ ဒီးပ်ကီက အခိုင်အမာပြောပါတယ်။
မဲဆန္ဒရှင်နာမည် သန်း ၁၃၀ လောက် ဖယ်ရှားခံခဲ့ရတဲ့ ပြင်ဆင်မှုလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ကူးမားရဲ့ လက်ထောက်တွေက သူနဲ့ သဘောထားကွဲလွဲခဲ့တယ်လို့ Indian Express သတင်းစာက ဖော်ပြပါတယ်။
အဲဒီနောက် ဒီမိုကရေစီကို ကယ်တင်ဖို့ ဆန္ဒပြပွဲအဖြစ် စီစဉ်သူတွေက ကြေညာထားတဲ့ ဆန္ဒပြပွဲတွေကို ပြီးခဲ့တဲ့အပတ်က စခဲ့ပြီး အကြီးမားဆုံး ဆန္ဒပြပွဲတွေထဲက တခုဖြစ်ဖို့လည်း ရည်ရွယ်ထားပါတယ်။
အစိုးရဟာ မဲဆန္ဒရှင်စာရင်းတွေကို အားသာချက်ရှိအောင် ပြင်ဆင်ဖို့ ကြိုးစားနေတယ်လို့ အတိုက်အခံပါတီတွေက ဟိုးအရင်ကတည်းက စွပ်စွဲထားပြီး အစီရင်ခံစာအပြီးမှာ စွပ်စွဲချက်တွေကို ပြန်အသက် သွင်းဖို့ အမြန် လုပ်ခဲ့ကြပါတယ်။
ကူးမားက မှတ်ချက်မပေးခဲ့ပေမဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ BJP တို့က စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။
ပိုးဟပ်ပါတီခေါင်းဆောင် ဒစ်ပ်ကီအပါအဝင် ဆန္ဒပြခေါင်းဆောင် အများအပြားလည်း နယူးဒေလီမြို့တော်မှာ အောက်တိုဘာ ၁၀ရက်က အဖမ်းခံခဲ့ရတယ်လို့ ပိုးဟပ်ပါတီက ကြေညာပါတယ်။
ဒစ်ပ်ကီက သူအဖမ်းခံရရင် အဂျင်ကြာ ရှင်ဒီက ခေါင်းဆောင်မှုတာဝန်ကို ဆက်ယူသွားမယ်လို့ အဖမ်းမခံရခင် ကြိုတင်ရိုက်ကူးထားတဲ့ ရုပ်သံမှာ ပြောပါတယ်။
ဆန္ဒပြဖို့ သတ်မှတ်ထားတဲ့ နယူးဒေလီ မြို့လယ်က ဂျန်တာမန်တာမှာ မနက် ၁၀ နာရီမှာ စုဝေးကြမယ်လို့ ဆန္ဒပြခေါင်းဆောင်တွေက ပြောထားပေမဲ့ ဆန္ဒပြပွဲတွေကို ဟန့်တားဖို့ အာဏာပိုင်တွေက လမ်းတွေကို ပိတ်ဆို့ထားပါတယ်။
Source: Reuters











