DVB Logo
Home
Lead Story
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် အာဆီယံတောင်းဆို 
DVB
·
April 24, 2026
Photo: NLD
Photo: NLD
Donate to DVB

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာတာကို ကြိုဆိုကြောင်းနဲ့  လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံနေရသူတွေကို ပြန်လွှတ်ပေးဖို့ လက်ရှိ အာဆီယံအလှည့်ကျ  ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ဧပြီ ၂၄ ရက် ဒီကနေ့ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ဧပြီ ၁၇ ရက် မြန်မာ့နှစ်သစ်ကူးမှာ အကျဉ်းသား ၄,၀၀၀ ကျော်ကို ပြန်လည်လွှတ်ပေးခဲ့တာ၊ အထူးသဖြင့် ဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာတာကို ကြိုဆိုပြီး ဒါဟာ မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံး ပါဝင်နိုင်တဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေဆီသို့ ဦးတည်တဲ့ အပြုသဘောဆောင်တဲ့ ခြေလှမ်းတရပ်အဖြစ် ရှုမြင်တယ်လို့ ဆိုပါတယ်။

စစ်မှန်တဲ့ ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးကို ရှေးရှုတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံရှိ ကျန်ရှိနေသေးတဲ့ အကျဉ်းသားတွေကိုလည်း ပြန်လည်လွှတ်ပေးဖို့ အာဆီယံဥက္ကဋ္ဌက တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် အာဆီယံနိုင်ငံသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာကိုလည်း ကြိုဆိုပြီး လူကုန်ကူးမှုနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေရဲ့ သားကောင်ဖြစ်ခဲ့ရသူတွေ အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကိုလည်း လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာမှာ ဘုံသဘောတူညီချက် ၅ ရပ်ဟာ  အဓိက ရည်ညွှန်းချက်အဖြစ် ဆက်ရှိနေတယ်လို့ အာဆီယံအနေနဲ့ ထပ်လောင်း အတည်ပြုလိုက်ပြီး အရပ်သားတွေနဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေအပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့လည်း အာဆီယံက စစ်အာဏာရှင်ကို တောင်းဆိုပါတယ်။

အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ ပဋိပက္ခ ပိုမိုပြင်းထန်လာတာကို ရှောင်ကြဉ်ဖို့၊ အစွမ်းကုန် ထိန်းသိမ်းစောင့်စည်းဖို့၊ အရပ်သားအားလုံးကို ကာကွယ်ရေးနဲ့ ဘေးကင်းလုံခြုံရေးကို အာမခံဖို့၊ လူသားချင်းစာနာအကူအညီတွေ ပေးအပ်နိုင်မဲ့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တရပ် ဖန်တီးပေးဖို့လည်း  သက်ဆိုင်သူအားလုံးကို အာဆီယံက တိုက်တွန်းလိုက်ပါတယ်။

အားလုံးအကျုံးဝင်တဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေဟာ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံရာမှာ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ရဲ့ အခန်းကဏ္ဍက ဆက်လက်အရေးပါနေဆဲပဲလို့  အာဆီယံဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော်ခရီးစဉ်အပြီးမှာ ဒီကြေညာချက် ထွက်ပေါ်လာတာဖြစ်ပြီး အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဖြစ်တဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာနိုင်ငံကို သွားရောက်ခွင့် မရသေးပါဘူး။

သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဥ်းသားတချို့ကို လွတ်ငြိမ်းခွင့်ပြုလိုက်တဲ့ပေါ် ကုလသမဂ္ဂ အပါအဝင် ယူကေ၊ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျနဲ့ ဥရောပနိုင်ငံတွေက ကြိုဆိုခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဆက်လက်ဖမ်းဆီးခံထားရသူတွေ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့  စစ်အာဏာရှင်ကို ဆက်လက် တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013