H1N1 ကြောင့် သေဆုံးသူ ၂၉ ဦးထိရှိလာ
DVB
·
July 5, 2019
မြန်မာနိုင်ငံမှာ ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားမှုကြောင့် ဇူလိုင် ၄ ရက်အထိ သေဆုံးသူ ၂၉ ဦးရှိပြီး ပိုးတွေ့သူ ၁၄၁ ဦးရှိတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲက ကြေညာထားပါတယ်။
သေဆုံးသွားသူတွေကတော့ ရန်ကုန်တိုင်းက ၂၃ ဦးနဲ့ အများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းမှာ ၃ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂ ဦးနဲ့ မွန်ပြည်နယ်ထဲမှာ ၁ဦးတို့ ဖြစ်ကြပါတယ်။
ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ်တွေထဲမှာတော့ လှိုင်သာယာနဲ့ ဒဂုံမြို့သစ် (မြောက်ပိုင်း)က သေဆုံးသူအများဆုံးဖြစ်ပါတယ်။
ရာသီတုပ်ကွေးရောဂါ လက္ခဏာတွေကတော့ ဖျားတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာ နှာရည်ယိုတာနဲ့ ကိုယ်လက်နာကျင်ကိုက်ခဲပြီး ခေါင်းကိုက်တာ၊ ချမ်းတုန်ဖျားတာနဲ့ ကိုယ်လက်မအီမသာ ဖြစ်တာတွေရလေ့ရှိပါတယ်။
ဒါ့အပြင် အော့အန်ခြင်း၊ ၀မ်းလျောခြင်းစတဲ့ လက္ခဏာတွေလည်း တွေ့နိုင်ပြီး ရောဂါဝင်ရောက်ချိန်ကနေ ရောဂါလက္ခဏာ ပြမယ့်အချိန်က ၁ ရက်မှ ၅ ရက်အတွင်း ဖြစ်ပါတယ်။