DVB Logo
Home
Lead Story
ဦးကြော့သမီး မအိရဲ့ကဗျာ
DVB
·
June 24, 2019
ဦးကြော့သမီး မအိရဲ့ကဗျာ
Donate to DVB

မယ်ခွေကဗျာဖြစ်တဲ့ “လက်ဆောင်ကဗျာ” ကတော့ စာပေပညာရှင်တွေ ကဗျာဆရာတွေ သဲသဲလှုပ် ချစ်ပြပြီးပြီမို့ မရေးတော့ပါဘူး။

တခုပြောချင်တာက မယ်ခွေရဲ့ “ဆေးတံတို” ကဗျာဟာ “လက်ဆောင်” ကဗျာလောက်တော့ အသံမသာပေဘူး။ ဒါပေမယ့် အတွေးကတော့ တော်တော်လှတယ်လို့ ဆိုရမှာပါ။ ဒါတောင် ကျနော်တို့ငယ်ငယ်က “ဆေးတံတိုတညိုလောက်” လို့ ဆိုခဲ့ကြတာ။

အသံကိုလိုက်ပြီး “ညို” လို့ ဆိုခဲ့ကြတာ။ တကယ့်အမှန်က “တညှိုး” လောက်ပါ။ “တညှိုး” ဆိုတာ မြန်မာတို့ရဲ့ ရိုးရာ အတိုင်းအထွာတခုပါ။ တမိုက်၊ တထွာ၊ တတောင်ဆိုတာမျိုးပေါ့။ “တမိုက်” ဆိုတာ လက်ဖနောင့်နဲ့ ဆန့်ထားတဲ့ လက်မကြားက အကွာအဝေးပေါ့။ “တညှိုး” ဆိုတာကျတော့ ဆန့်ထားတဲ့ လက်မနဲ့ လက်ညှိုးကြားက အကွာအဝေးကို ခေါ်တာပါ။ လက်တညှိုးလောက်ရှိတဲ့ ဆေးတံလို့ ပြောတာပါ။ ဒါကြောင့် တညိုမဟုတ်ဘဲ “တညှိုး” လို့ ရေးရ ပြောရမှာပါ။ ထားတော့။ အခုဆက်ပြောချင်တာက “ဦးကြော့သမီး မအိ” ကဗျာအကြောင်းပါ။

ဦးကြော့ဆိုတာကတော့ “စုံနံ့သာမြိုင် ရှာပုံတော်ကြီး” ကို ရေးဖွဲ့ခဲ့လို့ “စုံနံ့သာမြိုင် ဦးကြော့” လို့လည်း ခေါ်ကြသလို သူက နတ်မောက်သားမို့ နတ်မောက်ဦးကြော့လို့လည်း ခေါ်ကြတယ်။ မြန်မာတို့ပါးစပ်ဖျားမှာ စွဲနေတဲ့ “လတန်ခူးပေမို့ အလှထူးပါဘိ မြမြဖူးရယ်တဲ့ခိုင်ရွှေဝါ” အစချီ အချိုးကဗျာလေးကလည်း ဦးကြော့ရဲ့ နာမည်ကြီးကဗျာလေးပါပဲ။ အဲ့သလို စာဆိုကျော်ကြီးက မွေးထုတ်ပေးလိုက်တာက မအိဆိုတဲ့ စာဆိုတော်မလေးတဦးပါ။

ထူးခြားတာက မအိဟာ တခြားစာဆိုတော်များလို မိန်းမပျိုတယောက်ရဲ့ အလွမ်းအဆွေး အချစ်ကို ရေးဖွဲ့တာမျိုး မဟုတ်ဘူး။ ယောက်ျားအပူသည်တွေရဲ့ ခံစားချက်ကို ရေးဖွဲ့ခြင်းပဲ။ သန်မာထွားကျိုင်းတဲ့ လူညိုထွားကြီးရဲ့ ချစ်အားငယ် လွမ်းနာကျ ခံစားရပုံကို ရေးထားလေတော့ ရွဲ့များရေးခဲ့လေသလားလို့တောင် ထင်မိပါရဲ့။ ယောက်ျားလေးလည်း လွမ်းတတ်တာပါပဲလေ။

အခုပြဋ္ဌာန်းချက်မှာတော့ “အေးခွင့်မဖန်” ကဗျာကို ပြဋ္ဌာန်းပါတယ်။ ဒါပေမယ့် သူ့ရဲ့အချိုးကဗျာမှာ “အေးခွင့်မဖန်” အပြင် “ပူအမျှ” ဆိုတာလည်း ရှိသေးတယ်။ တကယ်တော့ ဒီနှစ်ပုဒ်လုံးဟာ ခံစားမှုတဆက်တည်း ဖြစ်နေတာမို့ နှစ်ပုဒ်လုံး ပြဋ္ဌာန်းသင့်တာပါ။ ဒီလိုပဲ မယ်ခွေကဗျာမှာလည်း ဆေးတံတိုနဲ့ လက်ဆောင် နှစ်မျိုးလုံး ပြဋ္ဌာန်းသင့်တယ်။ ဒါမှလည်း စာဆိုတယောက်ရဲ့ အတွေးအမြင်ခံစားပုံ တည်ဆောက်ပုံတွေကို လေ့လာရာမှာ ပိုပြည့်စုံစွာ လုပ်ဆောင်နိုင်မှာပါ။

ကဗျာပန်းကုံး ပြဋ္ဌာန်းစာအုပ်မှာတော့ မယ်ခွေမှာလည်း ဆေးတံတိုနဲ့ လက်ဆောင် ကဗျာနှစ်ပုဒ် ပြဋ္ဌာန်းပါရှိသလို မအိမှာလည်း ပူအမျှနဲ့ အေးခွင့်မဖန် နှစ်ခုလုံး ပြဋ္ဌာန်းခဲ့တယ်။ ဒါမှလည်း နှိုင်းယှဉ်အကဲဖြတ် လေ့လာလို့ ရပေမပေါ့။ အဲ့ဒီကာလက စီစဉ်သူ ပညာရှင်ရဲ့ အားသာချက်နဲ့ အမြော်အမြင်လို့ ဆိုရမှာပါ။

အခု မအိရဲ့ ပြဋ္ဌာန်းချက်မှာ မပါတဲ့ “ပူအမျှ” ကဗျာကို ကြည့်ရအောင်။

‘ပူအမျှ’

ပူသမျှ မူစလို့တင်လိုက်မယ်၊

ကမ္ဘာမီး ဗျာကြီးသူ ဒုက္ခဆွေးတာက

အေးကွက်မလယ်။

သူရိယာ ခွန်နစ်စင်းကဲ့သို့

ပူညိတာ အလွန်ပြင်းပါဘိ

ရင်တွင်းမှာတဲ့ မလင်းနှယ်

ယွင်းကွယ်လို့ သေခမန်း။

ယခုလေ

နုတမေ ဝါဝါဝင်းရယ်တို့

လေးဖေကို အေးစေခြင်းရယ်နှင့်

အမယ်မင်း…နှင်းရေနှင့်ဖျန်း။

ကဗျာမှာတော့ ထွေထွေထူးထူးမပါဘူး။ ယောက်ျားတယောက်က သူ့အပူမီး ဘယ်လောက်ကြီးကြောင်း။ နေခုနစ်စင်းထွက်ပြီး ကမ္ဘာပျက် မီးလောင်ကျွမ်းနေသလို ရင်တွင်းအပူမီး ပြင်းထန်စွာ ခံစားနေရပါကြောင်း။ အဲ့ဒီအပူမီးကို ဝင်းဝါနုပျိုတဲ့ နှမလေးတို့က နှင်းရည်နဲ့ ဖျန်းပက်ပေးမှ စိတ်နှလုံး အေးချမ်းနိုင်မှာဖြစ်ကြောင်း ရေးဖွဲ့ထားတာပါ။

ကဗျာတပုဒ်လုံးမှာတော့ “နှင်းရည်နှင့်ဖျန်း” ဆိုတဲ့စကားက အတော်လှတဲ့ အသုံးတခု ဖြစ်ခဲ့တယ်။ ဒီစကားလုံး အလှလေးကိုပဲ စန္ဒယားချစ်ဆွေက မေ့ကွက်ကိုရှာ သီချင်းမှာ ထည့်သုံးခဲ့သေးတယ်။ အဲ့ဒီ မေ့ကွက်ကိုရှာဆိုတဲ့ ဝေါဟာရကလည်း မအိရဲ့ဝေါဟာရပါပဲ။ မအိရဲ့ အခုပြဋ္ဌာန်းထားတဲ့ ‘အေးခွင့်မဖန်’ ကဗျာထဲကပါ။

‘အေးခွင့်မဖန်’

လူ့အဖြစ်တွင်မှ အခုအသစ်ကြုံလှာပြန်။

ဟို့မစဲ မှို့စွဲအောင်လောင်စာနှင့်

သံဘက်ခါတိုင်တိုင်လဲလို့

ဖိန်းနွှဲခါမြန်မြန်ဆင့်စေတော့

အေးခွင့်မဖန်။

ဟိုရှေးအခါ နေလပြောင်းရင်လှ

ပြေကောင်းတဲ့ ပြေသင့်တန်

ကြံဖန်လို့ပူစိတ်စွဲ။

မေ့ကွက်ကိုရှာ

နေ့ရက်ကြာသာကြာတော့

မင်္ဂလာပုသိမ်ထည်နှင့်

မောင့်မျက်ရည်ကြည်ကြည်စို့ကို

ဖုန်းတို့မစဲ။ …တဲ့။

ဒီကဗျာမှာပါတဲ့ “မေ့ကွက်ကိုရှာ” ဆိုတဲ့ စာသားကို စန္ဒယားချစ်ဆွေက သီချင်းခေါင်းစဉ် လုပ်လိုက်တာ။ သီချင်းစာသားထဲမှာတော့ “နေ့ရက်တွေ ကြာသာကြာတော့” ဆိုတဲ့ စကားလုံးကို ယူသုံးပြီး ရေးဖွဲ့ခဲ့တာ။

ဆရာချစ်ဆွေတို့ခေတ်မှာ ဒီကဗျာက သင်ရိုးဖြစ်ခဲ့တာကိုး။ မအိသုံးခဲ့တဲ့ ဝေါဟာရလေးက လှတော့ ယူသုံးလိုက်ဟန်ပါပဲ။ ကိုယ်ဆိုလည်း သုံးမှာပဲလေ။ သူ့စကားလုံးတွေဟာ ပြန်လည်ဖွင့်ဆို ရှင်းပြစရာမလိုအောင် လှပနေတယ်။ “နှင်းရည်နဲ့ဖျန်း” “မေ့ကွက်ကိုရှာ” တို့ဟာ အလွန်ကျစ်လျစ်တဲ့ ဝေါဟာရ ဖွဲ့စည်းမှုပါ။ ကျန်တာ ထွေထွေထူးထူး ဖွဲ့နွဲ့တာမျိုး မပါဘူး။ ရိုးရှင်းတဲ့အဖွဲ့ပေပဲ။

ခေတ်ကာလကို ကျော်လာတဲ့ ဝေါဟာရအနေနဲ့ကတော့ “မင်္ဂလာပုသိမ်ထည်” ပါ။ ပုသိမ်ကလာတဲ့ အထည်လို့ ပြောရုံနဲ့ ကဗျာအရသာ မပေါ်ပါဘူး။ မင်္ဂလာပုသိမ်ထည်ဆိုတာ သူ့ခေတ်အရ နိုင်ငံခြားဖြစ်အထည်ပါ။ အဲ့ဒီတုန်းက ပုသိမ်ဆိုတာ ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်ခဲ့လေတော့ နိုင်ငံခြားကုန်သည်တွေနဲ့ ကူးလူးဆက်ဆံခဲ့တဲ့မြို့။ ဗမာထည်လို မကြမ်းဘူး။ နူးနူးညံ့ညံ့ရှိတဲ့ အထည်ပါ။ စို့လာတဲ့ မျက်ရည်ကြည်ကြည်ကို အဲ့ဒီပုသိမ်ထည်လေးနဲ့ တို့နေရတယ်လို့ ပြောလိုဟန်ပါ။ ယောက်ျားတယောက်ရဲ့ ခံစားချက်မှာ မျက်ရည်သွယ်သွယ်ကျလို့ မရပေဘူးလေ။ ယောက်ျားတယောက်ရဲ့အလွမ်းဟာ ရေအိုးအောက်က၊ ကရွတ်ခွေလေးလို အေးအေးလေးနဲ့ တမြည့်မြည့်ဆွေးနေတဲ့ သဘောမျိုး ပြောလိုသလော မသိတော့ပြီ။

ဒီလိုသာ ပြောရတာပါ။ မအိရဲ့ ကဗျာနှစ်ပုဒ်ကို သေချာကြည့်တော့ ပထမကဗျာဖြစ်တဲ့ “ပူအမျှ” ကဗျာက ပစ်မှတ်သေသေချာချာမရှိတဲ့ ဂေါ်မစွံလူပျိုကြီးသောကလို့ ဆိုရမလို ဖြစ်နေတယ်။ ရှေးစကားအတိုင်း ပြောရရင် “ရဲစား” မရသေးလို့ ပူလောင်နေတဲ့သောကဟာ သေလုခမန်း ဖြစ်နေရှာသတဲ့။ ဒါကြောင့် “နုတမေဝါဝါဝင်းရယ်တို့” ဆိုပြီး “မင်းတို့ကလေးတွေရဲ့ မေတ္တာရေနဲ့ ပက်ဖျန်းမှ အပူငြိမ်းမှာဖြစ်ကြောင်း” ဖွဲ့တာပါ။

မေတ္တာရေတောင်မှ နှင်းရေလိုအေးမြနေတာမျိုးကို ဖွဲ့ခဲ့ဟန်ပါလို့ ယူသော် ရကောင်းမယ်ထင်ပါရဲ့။ နောက်တပုဒ်ဖြစ်တဲ့ “အေးခွင့်မဖန်” ကျတော့ လူသိရှင်ကြား ငိုချင်းမချတော့ဘူး။ ပစ်မှတ်ရှိသွားပြီ။ ကောင်မလေးနဲ့ ကွဲသလား ဝေးနေသလားတော့မသိ။ “မေ့ကွက်ကိုရှာ” လာတာထောက်တော့ ကွဲသွားပုံပဲဗျ။ ဒီတော့ ရဲစားဟောင်းရဲ့ အရှက်နဲ့သိက္ခာကို စောင့်ပြီး လူသိရှင်ကြား ငိုချင်းမချတော့ဘဲ ရေအိုးအောက်က ကရွတ်ခွေလေးလို အေးအေးလေးနဲ့ ဆွေးမြည့်ရတဲ့ သဘောပါအောင် ရေးဖွဲ့လိုသလောမသိ။ မျက်ရည်တောင် လိမ့်မဆင်းတော့ဘဲ စို့ရုံလေး စို့လာတာလေးကိုပဲ အလွန်နူးညံ့တဲ့ ပုသိမ်ပဝါနုလေးနဲ့ တတို့ချင်း တို့နေရရှာတာကလား။

ကဲ… မိတ်ဆွေတို့ ဒီလိုပါပဲ ကဗျာတွေကို နှိုင်းယှဉ်အကဲဖြတ်ကြတဲ့နေရာမှာ ဘယ်ဟာက ပိုကောင်းတယ် မကောင်းဘူးဆိုတာ တခါတခါ ခံစားသူရဲ့ အတ္တနောမတိနဲ့ ဆိုင်ပါတယ်။ အနုပညာမြောက်ပြီဆိုရင် ကဗျာတပုဒ်ချင်းစီမှာ သူ့တန်ဖိုးနဲ့သူ ရှိနေကြတာကို မအိရဲ့ ကဗျာလေးတွေက သက်သေခံနေတယ်။ ကျနော်ဟာ ကဗျာဆရာ မဟုတ်သလို ရေးလည်း မရေးတတ်ပါဘူး။ ဒါပေမယ့် ကဗျာကိုတော့ တန်ဖိုးထားတယ်။ ကဗျာတပုဒ်ဖြစ်ဖို့ အားထုတ်တဲ့အခါ အားထုတ်မှုရဲ့ ပင်ကိုယ်တန်ဖိုး ရှိပါတယ်။

သူတို့ရဲ့တန်ဖိုးနဲ့ အခံဝေဒနာတွေကို သတိပြုဖို့လိုပါမယ်။ တခုတော့ရှိရဲ့။ ပြဋ္ဌာန်းချက်တခုကို ပြုစုမယ်ဆိုရင် သင်ရိုးအဖွဲ့ရဲ့ အမြော်အမြင်ကြီးမှုနဲ့ ပညာရပ်ဆိုင်ရာ အခံစိတ်ဓာတ်အတွက် အတွေ့အကြုံကြီးဖို့တော့ လိုအပ်ပါကြောင်း စေတနာရှေ့ထားလို့ တင်ပြလိုက်ရပါတယ်။      ။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013