H1N1 ရာသီတုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၅ ဦးထိရှိလာ
သူဇာလင်း
·
June 20, 2019
မြန်မာနိုင်ငံထဲမှာ H1N1 ရာသီတုပ်ကွေးရောဂါနဲ့ သေဆုံးသူ ဒီနေ့အထိ ၅ ယောက် ရှိသွားပြီလို့ ကျန်မာရေးနဲ့ အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာနက ပြောပါတယ်။
ရာသီတုပ်ကွေးရောဂါ H1N1 က အသက်ရှူလမ်းကြောင်းကနေ တဆင့် ကူးစက်နိုင်တဲ့ ရောဂါတမျိုးပါ။ စာရင်းတွေအရ H1N1 ဖြစ်ပွားသူ ၁၄ ယောက် ရှိနေပြီး သေဆုံးသူ ၅ ယောက်ရှိခဲ့တယ်လို့ ဇွန်လ ၂၀ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုသရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဒေါက်တာသီတာလှက ပြောပါတယ်။
သေဆုံးတဲ့သူတွေထဲမှာ ရန်ကုန်တိုင်းက ၄ ယောက်နဲ့ စစ်ကိုင်းတိုင်းက ၁ ယောက်ပါဝင်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးက အများဆုံးဖြစ်ပွားပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ နေပြည်တော်မှာ ရာသီတုပ်ကွေး ဖြစ်ပွားတဲ့သူတွေရှိရတယ်လို့ ဒုညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
လက်ရှိမှာတော့ ရာသီတုပ်ကွေးရောဂါ H1N1 ရောဂါက အသက် ၁၅ နှစ်ကနေ ၆၅ နှစ်အထိ အသက်အရွယ်အတွင်းမှာ ဖြစ်ပွားတတ်ပါတယ်။
ရာသီတုပ်ကွေးရဲ့ ရောဂါလက္ခဏာတွေကတော့ ဖျားတာတွေ၊ နှာရည်ယို၊ လည်ချောင်းနာ ချောင်းဆိုး၊ ခေါင်းကိုက်နဲ့ ကိုယ်လက်ကိုက်ခဲတာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် အဖျားကြီးတာ၊ အသက်ရှုပ်ကြပ်တာ၊ ဂနာမငြိမ်ဖြစ်တာတွေနဲ့ သတိလစ်တာတွေအထိ ဖြစ်ပွားတတ်ပါတယ်။
ဒါကြောင့် ရောဂါပြင်းထန်ခဲ့မယ်ဆိုရင် နီးစပ်တဲ့ ကျန်းမာရေးဆေးဌာန၊ ဆေးရုံနဲ့ ဆေးခန်း တွေကို အမြန်ဆုံး သွားရောက်ကုသဖို့ကို အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေး နှိုးဆော်ထားပါတယ်။
၂၀၁၇ ခုနှစ်မှာတော့ ရာသီတုပ်ကွေးရောဂါ H1N1ကြောင့် ရောဂါဖြစ်ပွားသူ ၉၇ ယောက်မှာ သေဆုံးသူ ၁၂ ယောက် ရှိခဲ့တယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထား ပါတယ်။