
တော့တင်ဟမ်စပါးအသင်းခေါင်းဆောင် ခရစ္စတီယန်ရိုမဲရိုးဟာ ဆန်းဒါးလန်းနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ကျန်ရှိနေတဲ့ ရာသီပွဲစဉ်အားလုံးကို လွဲချော်တော့မှာ ဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ် အာဂျင်တီးနား နောက်ခံလူဟာ ဒူးအရွတ်ပြဲဒဏ်ရာကြောင့် အနည်းဆုံး ၈ ပတ်လောက် အနားယူရမှာဖြစ်လို့ လာမဲ့နွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဖိုအတွက်ပါ စိုးရိမ်စရာ ဖြစ်နေတာပါ။
ဒီအခြေအနေဟာ တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့ စပါးအသင်းနဲ့ နည်းပြသစ် ဒီဇာဘီအတွက်တော့ အလွန်ကြီးမားတဲ့ ထိုးနှက်ချက်တခု ဖြစ်ပါတယ်။
လက်ရှိမှာ စပါးဟာ ပရီးမီးယားလိဂ် အဆင့် ၁၈ နေရာကို ရောက်ရှိနေပြီး တန်းဆင်းဇုန် အပြင်က ဝက်စ်ဟမ်းနဲ့ ၂ မှတ်အကွာမှာ ရှိနေတာကြောင့် အမာခံနောက်ခံလူ ရိုမဲရိုး မပါဝင်နိုင်တာက တန်းမဆင်းရရေး တိုက်ပွဲအတွက် ပိုပြီး ခက်ခဲသွားစေနိုင်ပါတယ်။










