
အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ကနေတဆင့် မြန်မာနိုင်ငံဘက်ကို တရားမဝင် ဖြတ်ကျော် ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ ဆလိုဗက်ကီးယားနိုင်ငံသားတယောက်အား အာသံရိုင်ဖယ် တပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့အကြောင်း The Hindu သတင်းစာမှာ မတ် ၂၆ ရက်က ဖော်ပြပါတယ်။
အသက် ၅၈ နှစ်အရွယ် အဆိုပါ အမျိုးသားကို မတ် ၂၄ ရက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက သူငယ်ချင်းဖြစ်သူဆီ သွားရောက်လည်ပတ်ဖို့ နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးပမ်းချိန်မှာ ဖမ်းဆီးခံရတာ လို့ အစိုးရအရာရှိက ပြောပါတယ်။
အဆိုပါ အမျိုးသားဟာ ထိုင်းနိုင်ငံမှာ နေထိုင်သူဖြစ်ပြီး ဘန်ကောက်ကနေ ကာလကတ္တား၊ အဲဒီကမှ တဆင့် အိုက်ဇောလ်မြို့ဆီ လေယာဉ်နဲ့ လာရောက်ခဲ့တာပါ။ အဲဒီနောက် အငှားယာဉ်နဲ့ မီဇိုရမ် တောင်ပိုင်း လောင်ပတ်ရွာသို့ သွားရောက်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
သူ့ရဲ့ ခရီးစဉ်ရည်ရွယ်ချက်က ရခိုင်ပြည်နယ်၊ ရမ်းဗြဲကျွန်းက မြန်မာသူငယ်ချင်းဆီ သွားရောက်ကာ ဧပြီ ၁၃ ရက်မှာ စတင်မဲ့ သင်္ကြန်ပွဲတော် ဆင်နွှဲဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။
သူတို့ ၂ ယောက်ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက ထိုင်းနိုင်ငံက အပန်းဖြေစခန်းတခုမှာ အတူ အလုပ်လုပ်ခဲ့ဖူးသူတွေလို့လည်း ဆိုပါတယ်။
ခုအခြေအနေမှာတော့ သူ့မှာ သံသယဖြစ်ဖွယ်ရာ တစုံတရာ မတွေ့ရပေမဲ့ နယ်စပ်ဒေသဖြတ်ကျော် သွားရောက်ခွင့် လက်မှတ်မရှိတာကြောင့် ပြည်နှင်ဒဏ်ပေးခံရမဲ့ အလားအလာရှိနေသလို လက်ရှိမှာ အိန္ဒိယရဲတပ်ဖွဲ့က စစ်ဆေးနေပါတယ်။
အိန္ဒိယအစိုးရဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက စတင်ကာ နယ်စပ်လုံခြုံရေး အကြောင်းပြချက်နဲ့ မဏိပူရ၊ နာဂလန်းနဲ့ မီဇိုရမ်ပြည်နယ်တွေမှာ နိုင်ငံခြားသားတွေ ကြိုတင်ခွင့်ပြုချက်မရှိဘဲ သွားလာခွင့်ကို ရုပ်သိမ်းထားခဲ့တာပါ။
သိပ်မကြာသေးခင်ကလည်း မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကို ဒရုန်းနဲ့ လက်နက်နည်းပညာ သင်တန်းပေးဖို့ ကြိုးပမ်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန် နိုင်ငံသားတယောက်နဲ့ ယူကရိန်းနိုင်ငံသား ၆ ယောက်တို့ကို အိန္ဒိယ အာဏာပိုင်တွေက ဖမ်းဆီးခဲ့ ပါသေးတယ်။
အခုထိန်းသိမ်းခံရသူကတော့ ရှေ့က အဖမ်းခံရတဲ့ အဖွဲ့တွေလို လက်နက်ကိစ္စ မဟုတ်ဘဲ သင်္ကြန် လည်ဖို့ သွားတာလို့ ပြောထားပေမဲ့ နယ်စပ်ဖြတ်သန်းခွင့် အထောက်အထား မပြည့်စုံလို့ အိန္ဒိယက ပြည်နှင်ဒဏ်ပေးဖို့ အလားအလာရှိနေတာ ဖြစ်ပါတယ်။
Source: The Hindu










