DVB Logo
Home
မြန်မာသတင်း
မစိမ့်ထက် ရေခဲတောင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့မှု မိသားစုက အမှုဖွင့်
DVB
·
June 7, 2019
မစိမ့်ထက် ရေခဲတောင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့မှု မိသားစုက အမှုဖွင့်
Donate to DVB

ဖန်ဂရန်ရာဇီ ရေခဲတောင်ကနေ ခြေချော်ပြုတ်ကျကာ မစိမ့်ထက်သေဆုံးတာနဲ့ ပတ်သက်ပြီး The Summiter အဖွဲ့ရဲ့ ခေါင်းဆောင်နှစ်ဦးကို ပေါ့လျော့မှုကြောင့် လူသေမှု ပုဒ်မ ၃၀၄ (က) နဲ့ မိသားစုက အမှုဖွင့်လိုက်ပါတယ်။

ဖန်ဂရန်ရေခဲတောင်ပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့တဲ့ မစိမ့်ထက် နဲ့ ပတ်သက်ပြီး သူ့ရဲ့Daed body ကို ရှာဖွေပေးတဲ့ မြန်မာနိုင်ငံခြေလျှင်နဲ့တောက်တက်အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးကျင်ဦး နဲ့ အဖွဲ့တွေက သူတို့ရဲ့ ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဇွန်လ ၇ ရက်နေ့က ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်မှာ ရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။

အမှုဖွင့်ရတဲ့ အဓိကအကြောင်းက ခရီးအတူသွားခဲ့တဲ့ The Summiter အဖွဲ့အနေနဲ့ မစိမ့်ထက်ပြုတ်ကျပြီးပြီးချင်း ဒေသခံတွေနဲ့ပူးပေါင်းပြီး အမြန်ဆုံးရှာဖွေဖို့ ပျက်ကွက်တာနဲ့ မစိမ့်ထက် ချော်ကျတဲ့နေရာမှာ တောင်တက်ကြိုး အသုံးမပြုခဲ့တာ စတဲ့အချက်တွေ ပါဝင်တယ်လို့ ဖခင်ဖြစ်သူ ဦးမောင်မောင်လေးက ပြောပါတယ်။

“ကျနော်တို့ တိုင်စာလေးခုကတော့ တရားဝင်ပို့ထားပါတယ်။ ပူတာအိုရဲစခန်းကတော့ ၃ဝ၄(က) နဲ့ ဖွင့်ထားပြီးတော့ သူတို့စတင်စစ်ဆေးနေတယ်လို့ ကြားပါတယ်။ ကျနော်တို့လည်း ပူတာအိုသွားပြီး အစစ်ခံရပါတယ်။ လေယာဉ်ရတဲ့ရက်ပေါ့။ ရက်ကတော့ အတိအကျမရှိဘူး။ ကျနော်တို့ကတော့ တိုင်စာပို့ထားတဲ့ သဘောပါပဲ။ တိုင်စာကို ကျနော်တို့ ၄ နေရာပို့ထားတယ်။ ရဲစခန်းရယ်၊ မြို့နယ်ရယ်၊ ခရိုင်ရယ်၊ ပြည်နယ်ရယ်။ အဓိကတော့ ခေါင်းဆောင်နှစ်ယောက်ပေါ့။ ဘာကြောင့်တိုင်လဲဆိုတော့ သူတို့ပြန်ဆင်းလာတဲ့အခါမှာ ဒေသခံတွေနဲ့ ပူးပေါင်းပြီး အမြန်ဆုံးပြန်ရှာဖွေရမယ့်ဟာကို ပျက်ကွက်ခဲ့လို့ပါ။ ဒုတိယကတော့ သူတို့ ပြောတာ ကိုယ်အပိုင်းပိုင်း ဖြစ်တယ်။ တကယ်ရှာတွေ့တဲ့အချိန်မှာ ကိုယ်အပိုင်းပိုင်း မဖြစ်ဘူး။ သူတို့က လိမ်ညာပြီး ထွက်ဆိုခဲ့တယ်ဆိုတာ ပေါ်လွင်ပါတယ်။ မစိမ့်ထက် ချော်ကျတဲ့နေရာမှာ သူတို့ တောင်တက်ကြိုး အသုံးမပြုခဲ့တာ၊ ဒီအချက်လည်း ပါတယ်။ တတိယအချက်ကတော့ သူတို့ ပေ ၁ဝဝဝဝ အထက် တက်တယ်ဆိုရင် အကြာင်းကြားသင့်တဲ့ ဌာနဆိုင်ရာတွေကို သူတို့အကြောင်းကြားမသွားဘူး။ နံပါတ် ၄ အချက်နဲ့ နံပါတ် ၅ အချက်ကတော့ အဓိကက သူတို့က တရားဝင်လိုင်စင်ရှိတဲ့ အဖွဲ့အစည်းမဟုတ်ဘူးဆိုတာကို နောက်ပိုင်းမှ သိလာလို့ ဒီအချက်အလက် တွေနဲ့ တိုင်စာပို့ထားတာပါ။”

တောင်တက်သူတိုင်းမှာ အခြေခံပါဝင်ပစ္စည်းတွေကို ယူသွားဖို့ လိုအပ်ပြီး တောင်တက်ကြိုး ကို အနည်းဆုံးမီတာ ၃၀ အရှည် ယူကိုယူရမယ်လို့ မစိမ့်ထက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှာ ပါဝင်တဲ့ ခြေလျှင်တောင်တက်အတွေ့အကြုံရှိပညာရှင် ဒေါက်တာခင်မောင်က ပြောပါတယ်။

လက်ရှိမှာတော့ ပူတာအိုရဲစခန်းမှာ မစိမ့်ထက်ရဲ့ဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတာ တပတ်ကြာရှိနေပြီလို့ သိရပါတယ်။

မစိမ့်ထက်အပါအ၀င် အဖွဲ့ဝင် ၂၀ ပါဝင်တဲ့ The Summiter တောင်တက်အဖွဲ့ဟာ ဧပြီ  ၆ ရက်နေ့က စတင်တက်ရောက်ခဲ့ပြီး ၁၂ ရက်နေ့မနက်ပိုင်းမှာ တောင်ထိပ်ကို ရောက်ရှိခဲ့ပြီး မနက် ၉ နာရီကျော်အချိန် တောင်အောက်ကိုပြန်ဆင်းရာမှာ မစိမ့်ထက်ခြေချော်ပြီး တောင်အောက် ပြုတ်ကျသွားခဲ့တယ်လို့ တောင်တက်အဖွဲ့ဝင်တွေက ပြောဆိုထားပါတယ်။

ပျောက်ဆုံးနေခဲ့တဲ့ မစိမ့်ထက်ရဲ့အလောင်းကို ရက်ပေါင်း ၄၀ ကျော်အကြာ မေ ၂၅ ရက်နေ့မှာ ကချင်ဒေသခံ တိုင်းရင်းသား ရ၀မ်လူမျိုး ၈ ဦးက ဖန်ကရန်ရာဇီရေခဲတောင် အမြင့်ပေ (၁၁၈၀၀) မှာ တွေ့ရှိခဲ့တာပါ။ တွေ့ရှိတဲ့အလောင်းကို ပူတာအိုမြို့အထိ သယ်ယူလာခဲ့ပြီး မှုခင်းဆရာဝန်တွေ စစ်ဆေးအပြီးမှာ မေ ၃၀ ရက်နေ့က သင်္ဂြိုဟ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013