DVB Logo
Home
မြန်မာသတင်း
လက်ရှိအတိုင်း စက်သုံးဆီကို စနစ်တကျသုံးစွဲပါက နှစ်စဉ် ကန်ဒေါ်လာ သန်း ၂,၀၀၀ ခန့် သက်သာမည်ဟု စစ်ကောင်စီဆို
DVB
·
April 7, 2026
Photo: DVB
Photo: DVB
Donate to DVB

လက်ရှိ မြန်မာနိုင်ငံတွင်းမှာ စက်သုံးဆီဝယ်ယူတာ တရက်ကို ဂါလန် ၁ သန်းလောက် လျော့လာပြီး အခုလို စက်သုံးဆီကို စနစ်တကျသုံးစွဲလာနိုင်ရင် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၂,၀၀၀ လောက် သက်သာမယ်လို့ စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီးဌာနက ဧပြီ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

စက်သုံးဆီဖြန့်ဖြူးရောင်းချပေးနေတဲ့ အခြေအနေကို အသိပေး ထုတ်ပြန်လာတာဖြစ်ပြီး လက်ရှိမှာ ဓာတ်ဆီ ရက် ၄၀ စာနဲ့ ဒီဇယ် ရက် ၅၀ စာလောက်ရှိနေပြီး ဧပြီလအတွင်း သင်္ဘော ၂၆ စင်း ထပ်တင်သွင်းဖို့ စီမံထားသလို မိတ်ဆွေနိုင်ငံတွေကနေ တင်သွင်းဖို့ ရေရှည်အစီအမံ ပြုလုပ်ပြီး ဝယ်ယူရရှိနိုင်ရေးကိုလည်း ချိတ်ဆက်နေတယ်လို့ ဆိုပါတယ်။

အခုအခါ စက်သုံးဆီအခက်အခဲကို ဖြေရှင်းဖို့ စီမံခန့်ခွဲမှုနည်းလမ်းတွေ၊ ဒီဂျစ်တယ်နည်းပညာ အခြေပြု ရောင်းချတဲ့စနစ်တွေနဲ့ ကြပ်မတ်ထိန်းကျောင်းနေလို့ စည်းစနစ်မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်လာပြီး စက်သုံးဆီသုံးစွဲတာကို သိသိသာသာ လျှော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်ကနေ ဧပြီ ၆ ရက်အထိ စာရင်းတွေအရ နေ့စဉ် ပျမ်းမျှ စက်သုံးဆီသုံးစွဲမှုဟာ ဂါလံ ၃ ဒသမ ၅၄ သန်းကနေ ဂါလံ ၂ ဒသမ ၅ သန်းကို ကျဆင်းလာတယ်လို့ ဆိုပါတယ်။

အခုလို နေ့စဉ် ပျမ်းမျှသုံးစွဲမှုနှုန်း ၂၉ ရာခိုင်နှုန်း လျှော့ချနိုင်တာဟာ တရက်ကို နိုင်ငံခြားငွေသုံးစွဲမှု အမေရိကန်ဒေါ်လာ ၆ သန်းလောက် သက်သာစေပြီး အရန်ဆီ ၁၀ ရက်စာ ပိုပြီး သိုလှောင်နိုင်မယ်လို့လည်း ဆိုပါတယ်။

စက်သုံးဆီကို နှစ်စဉ် တန်ချိန် ၅ သန်းလောက် တင်သွင်းနေရတာကြောင့် အမေရိကန်ဒေါ်လာ သန်း ၅,၀၀၀ ကျော် သုံးစွဲရမှာဖြစ်ပြီး အခုလို စနစ်တကျသုံးစွဲလာနိုင်ရင် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၂,၀၀၀ လောက် လျော့နည်းသက်သာစေမယ်လို့လည်း ဆိုပါတယ်။

သူတို့ထုတ်ပြန်ချက်အရ နိုင်ငံရဲ့ စွမ်းအင်သုံးစွဲမှုမှာ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဓာတ်ငွေ့ရည် (LPG) စတဲ့ ရေနံထွက်ပစ္စည်း ၂၉ ရာခိုင်နှုန်း ပါဝင်ပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ အဓိကသုံးနေသလို သယ်ယူပို့ဆောင်ရေးမှာ သုံးစွဲနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတွေရဲ့ ၉၇ ရာခိုင်နှုန်းဟာ ပြည်ပကနေ ဝယ်ယူတင်သွင်းနေရတာလို့ သိရပါတယ်။

လက်ရှိမှာတော့ ကားတွေကို စက်စွမ်းအားအလိုက် တပတ်အတွက် သတ်မှတ်ပမာဏနဲ့ ရောင်းချပေးနေသလို ကုန်ကား၊ တက္ကစီနဲ့ သုံးဘီးဆိုင်ကယ်တို့ကိုတော့ မောင်းနှင်ခဲ့တဲ့ ခရီးအကွာအဝေးအလိုက် ရောင်းချပေးနေပြီး ဆီဆိုင်တွေမှာ အချိန်အများကြီး တန်းစီ ဝယ်ယူနေရတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013