မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲမှုဥပဒေ ဖျက်သိမ်းပေးရန် ကေအန်ယူ တောင်းဆို
နော်နိုရင်း
·
May 31, 2019

‘ကော်’ ရိုးရာ ဓလေ့နယ်မြေစီမံအုပ်ချုပ်မှုစနစ်အပါအ၀င် တိုင်းရင်းသားတွေရဲ့ စုပေါင်းမြေယာပိုင်ဆိုင်ကျင့်သုံးမှု စနစ်တွေကို ဖိနှိပ်ဆန့်ကျင်တဲ့ အစိုးရရဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲမှု ဥပဒေအပါအ၀င် တခြားမြေနှင့်ဆိုင်တဲ့ ဥပဒေကို ဖျက်သိမ်းပေးဖို့နဲ့ ပြန်လည်ပြင်ဆင်သုံးသပ်ပေးဖို့ ကရင်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
မေလ ၂၉ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ကျင်းပတဲ့ “ကော်” ရိုးရာဓလေ့နယ်မြေ စီမံအုပ်ချုပ်ခြင်း စနစ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအပြီး အခုလို ထုတ်ပြန်တောင်းဆိုလိုက်တာပါ။
အဆိုပါ နှီးနှောဖလှယ်ပွဲမှာ ဒေသခံလူမှု အသိုင်းအ၀ိုင်း၊ အရပ်ဘက်အဖွဲအစည်းတွေ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေရဲ့ ကေအန်ယူ ခေါင်းဆောင်တွေ အပါအ၀င် အဖွဲအစည်း ၅၆ ဖွဲ့က ကိုယ်စားလှယ် ၅၀၀ ကျော် တက်ရောက်ခဲပါတယ်။
ကေအန်ယူ လယ်ယာစိုက်ပျိုးရေးဌာနမှူး ပဒို စောနေသဘလေးက “မြေလွတ်၊ မြေလပ်၊ မြေရိုင်းက ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့ ကေအန်ယူရဲ့ မြေယာပေါ်လစီထဲမှာ မရှိဘူးလို့ ကျနော်တို့က ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ ဘာဖြစ်လို့မရှိတာလဲဆိုရင် အများပိုင်မြေ၊ အစိုအဖွဲ့လိုက်ပိုင်တဲ့မြေ၊ တဦးတယောက်ပိုင်မြေဆိုတဲ့ဟာကိုပဲရှိတယ်။ ယဉ်ကျေးမှု ရိုးရာ အရပိုင်ဆိုင်ကြတဲ့မြေကို အသုံးချတယ်။ မြေကို အတူတကွ စုပေါင်းအသုံးချကြတယ်။ အဲလိုမျိုးပဲ ရှိတယ်။ ဆိုတော့ အခုနက ပြောတဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းသည် ဒါမရှိဘူးဆိုတာ ပြောပြချင်တယ်။ ဒါပေမယ့် အစိုးရက ထုတ်တဲ့ဥပဒေအတိုင်း နေပြည်တော်ကနေပြီးတော့ ထုတ်တာက အပေါ်ကနေပြီးတော့ အောက်ခြေမှာ ဘယ်လိုရှိသလဲ စနစ်တကျ အောက်ခြေမှာရှိတဲ့ ဌာနေ ဒေသခံတွေကနေ သူတို့ရိုးရာ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအရ ဘယ်လိုစီမံခန့်ခွဲသလဲဆိုတဲ့ စနစ်ကို မသိဘဲနဲ့ ဒါကို မြေလွတ်မြေလပ်မြေရိုင်းဆိုပြီး အကုန်လုံးသတ်မှတ်လိုက်မယ်ဆိုရင် ဒါက ယဉ်ကျေးမှုအရလည်းထိခိုက်တယ်။ ပြည်သူလူထုရဲ့ စာဝတ်နေရေးလည်း ပျက်စီးမယ်။ အဲဒီယဉ်ကျေးမှု ဓလေ့ထုံးတမ်းနဲ့မြေလည်း ဆုံးရှုံးသွားမယ်ဆိုရင် သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းပါ ထိခိုက်မယ်” လို့ ပြောပါတယ်။
ဒါ့အပြင် တခြားသော မြေနဲ့သက်ဆိုင်တဲ့ ဥပဒေတွေကိုလည်း ပြန်လည်းသုံးသပ်ဖို့ လိုအပ်ကြောင်းနဲ့ ဒီဥပေဒတွေဟာ ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ ရိုးရာ ဓလေ့မြေယာစီမံက အုပ်ချုပ်ခြင်းတွေကို အဟန့်အတား ဖြစ်တဲ့အတွက် မြေတိုင်းဥပဒေမူကြမ်းကို ကန့်ကွက်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်မှုနယ်မြေအတွင်းမှာ ကေအန်ယူရဲ့ မြေယာနဲ့ သစ်တောမူဝါဒါနှင့်အညီ လွတ်လပ်စွာ စီမံခန့်ခွဲခွင့်နှင့် “ကော်” ရိုးရာဓလေ့ နယ်မြေစီမံအုပ်ချုပ်မှုစနစ် ပိုမိုအားကောင်းခိုင်မာလာအောင် ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကေအန်ယူထိန်းချုပ်နယ်မြေ ခရိုင် ၇ ခုအတွင်းမှာ “ကော်” လို့ ခေါ်တဲ့ ရိုးရာဓလေ့နယ်မြေ စီမံအုပ်ချုပ်မှု စနစ် ၁၉၈ ကော်ရှိပြီး အဆိုပါ ကော်တွေထဲက ၃ ခုကို အသေးစိတ်လေ့လာမှု ပြုလုပ်ခဲ့ပြီးနောက် ကော်ရိုးရာ ဓလေ့နယ်မြေစီမံအုပ်ချုပ်မှု စနစ်သည် အလွန်ကောင်မွန်ပြီး ခေတ်စနစ်နဲ့ ကိုက်ညီနေဆဲဖြစ်တယ်ဆိုတာ တွေ့ရှိရကြောင်းလည်း ဖော်ပြထားပါတယ်။
အစိုးရရဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးဥပေဒ ပြင်ဆင်တဲ့ဥပဒေကို ၂၀၁၈ ခု စက်တင်ဘာ ၁၁ ရက်နေ့မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုရက အတည်ပြုခဲ့ပါတယ်။
အစိုးရက မြေယာနဲ့ သက်ဆိုင်တဲ့ ဥပဒေအတည်ပြုပြဋ္ဌာန်းလိုက်တဲ့အပေါ် ကေအန်ယူဗဟို က ဒီဇင်ဘာ ၁၅ ရက်မှာ သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ မြေယာနဲ့ စပ်လျဉ်းတဲ့ ကရင်တမျိုးသားလုံးရဲ့ အမြင်သဘောထားနဲ့ စုစည်းချက်တွေကို နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲမှ အဖြေရှာဖို့၊ ပြည်ထောင်စုအစိုးရက လက်တလော ပြင်ဆင်လိုက်တဲ့ မြေယာဥပဒေဟာ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ လူအခွင့်အရေးစံချိန်စံနှုန်းတွေကို အလေးထားခြင်း မရှိသလို အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေတယ်လို့ ဖော်ပြထားပါတယ်။