DVB Logo
Home
မြန်မာသတင်း
ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု ကရင်လူငယ် စောကပြူထူး (ခေါ်) စောဂျိုးဇက် ရရှိ
DVB
·
February 1, 2019
ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု ကရင်လူငယ် စောကပြူထူး (ခေါ်) စောဂျိုးဇက် ရရှိ
Donate to DVB

၂၀၁၈ ခုနှစ်အတွက် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို Free Burma Rangers (FBR) အဖွဲ့က ကရင်လူငယ် ကျန်းမာရေးဝန်ထမ်း စောကပြူထူး (ခေါ်) စောဂျိုးဇက်ကို ပေးအပ်ချီးမြှင့်လိုက်ပါတယ်။

ကေအန်ယူ တပ်မဟာ (၅) နယ်မြေ ဒေဘူးနိုမှာ မနေ့ကကျင်းပတဲ့ နှစ် ၇၀ မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားမှာ ဒီဆုကို ပဒိုမန်းရှာရဲ့ သားငယ်က ကြေညာပြီး ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ပဒိုမန်းရှာရဲ့သားငယ် စလုံဖန်းက “စောဂျိုးဇက် (ခ) စောကပြူထူးဟာ ကရင်လူမှု အသိုင်းအဝန်းကို တိုးတက်အောင် လုပ်ဆောင်နေတဲ့သူဖြစ်သလို ကိုယ့်လူမျိုးကိုသိအောင် မြန်မာပြည်တွင်းသာမက ကမ္ဘာကသိအောင် လုပ်ဆောင်နေတဲ့ လူငယ်ခေါင်းဆောင်တဦး ဖြစ်ပါတယ်။ သူဟာ FBR ရဲ့ ထိပ်တန်း ကျန်းမာရေးဝန်ထမ်းတဦး ဖြစ်ပြီး သူဟာ မြန်မာပြည်တဝန်းလုံးက တခြား တိုင်းရင်းသားဒေသတွေကိုလည်း ဆေးပညာနဲ့ ပတ်သက်ပြီး သင်တန်းလိုက်ပေးနေသူ ဖြစ်ပါတယ်။ ဒါ့အပြင် ဆေးပညာနဲ့ပတ်သက်ပြီး အီရတ်၊ ကာဂျစ္စတန်နဲ့ ဆီးရီးယားဒေသကိုလည်း သွားပြီး သင်တန်းပေး ဆေးကုသပေးနေသူ ဖြစ်ပါတယ်။ သူ ဒီလို သွားရောက်လုပ်ဆောင်ခဲ့တဲ့ အရှေ့အလယ်ပိုင်းဒေသမှာ ကရင်လူမျိုးတွေကို သိရှိလာကြတယ်” လို့ ဆုပေးပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

စောဂျိုးစက်ဟာ (ခေါ်) စောကပြူထူးဟာ ကော်သူးလေ တောတွင်းဆေးကျောင်းမှာ ထူးချွန်စွာ အောင်မြင်ခဲ့သူဖြစ်ပြီး ကရင်ပြည်နယ်အပြင် ရှမ်းနဲ့ ကချင်ပြည်နယ်တို့က အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေရဲ့ ကျန်းမာရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းလုပ်ဆောင်နေသလို ကျန်းမာရေးဝန်ထမ်းတွေကို လေ့ကျင့် သင်တန်းပေးနေတဲ့ သင်တန်းဆရာတဦးလည်း ဖြစ်ပါတယ်။

ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုအတွက် စောဂျိုးဇက်ကိုပေးဖို့ FBR ဒါရိုက်တာ David Eubank က အဆိုပြုခဲ့တာဖြစ်ပြီး အဲဒီအဆိုပြုစာမှာ စောဂျိုးဇက်ဟာ ဆန်းသစ်တဲ့ ခေါင်းဆောင်မှုစွမ်းရည်နဲ့ ကျွမ်းကျင်မှုကြောင့် FBR ရဲ့ ကျောင်းသား၊ ကျောင်းသူတွေသာမက ဝန်ထမ်းတွေရဲ့ လေးစားမှုကို ရရှိထားသူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု ရရှိတဲ့အပေါ် စောဂျိုးဇက်က “ဒီလို ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ရရှိအောင် ရွေးချယ်ပေးခဲ့ကြတဲ့ ဆရာ ဆရာမနဲ့ ခေါင်းဆောင်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီလို ကိုယ့်လူမှုအသိုင်းအဝန်းမှာ ပေးဆပ်ပြီး လုပ်ဆောင်နေတဲ့ လူငယ်တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဘုရားသခင်ရဲ့ ပြင်ဆင်ပေးမှု ကောင်းချီးပေးမှုကြောင့် ဒီဆုကို ရရှိတယ်လို့ ကျနော်ယူဆပါတယ်။ ကျနော် အားလုံးကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ကျနော့်မှာရှိတဲ့ အစွမ်းသတ္တိနဲ့ စွမ်းဆောင်ရည်တွေကို ကျနော့်လူမျိုးနဲ့ တိုင်းပြည်အတွင်း အတတ်နိုင်ဆုံး လုပ်ဆောင်သွားမှာဖြစ်တယ်” လို့ ဆုရရှိချိန်မှာ ပြောပါတယ်။

ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို ကရင်လူမှုအဖွဲ့အစည်းအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး အသက် ၃၅ နှစ်ထက် မကျော်သေးတဲ့ ကရင်လူငယ်တွေကို ချီးမြှင့်တာဖြစ်ပြီး ဆုကြေးအားဖြင့် အမေရိကန်ဒေါ်လာ ၂၀၀၀ ပေးအပ်တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်အတွက် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို အမျိုးသမီး အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ ကရင်အမျိုးသမီးအစည်းအရုံး (KWO) က နော်ဆဲဆဲနဲ့ ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO) အဖွဲ့မှ စောအဲသိုတို့ ရရှိခဲ့ပါတယ်။

လုပ်ကြံခံခဲ့ရတဲ့ ကေအန်ယူခေါင်းဆောင် ပဒိုမန်းရှာလားဖန်းရဲ့ သားသမီးတွေက ဖန်းဖောင်ဒေးရှင်းကို တည်ထောင်ပြီး ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ၂၀၀၈ ခုနှစ်ကစပြီး နှစ်စဉ် ပေးအပ်ချီးမြှင့်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013