DVB Logo
Home
Lead Story
ခုခံတော်လှန်ခြင်း၊ ဖိနှိပ်ခြိမ်းခြောက်မှုများနှင့် နှစ်ခုနှစ်ဆယ်မြောက် ကရင့်တော်လှန်ရေးနေ့အတွေး
DVB
·
January 31, 2019
ခုခံတော်လှန်ခြင်း၊ ဖိနှိပ်ခြိမ်းခြောက်မှုများနှင့် နှစ်ခုနှစ်ဆယ်မြောက် ကရင့်တော်လှန်ရေးနေ့အတွေး
Donate to DVB

မတရားမှု ရှိလာတဲ့အခါ အပြောင်းအလဲရှိလာဖို့ တော်လှန်ရေးဆိုတာ လိုအပ်လာပါတယ်။ ဖိနှိပ်ခြိမ်းခြောက်မှုတွေ ရှိလာတဲ့အခါ၊ အန္တရာယ်နဲ့ ရန်ပြုစော်ကားမှုတွေ ရှိလာတဲ့အခါ၊ ကာကွယ်ရေး လိုအပ်ချက်တွေဆိုတာ ရှိလာတယ်။

ဒါပေမယ့် ဘယ်ပုံနဲ့ ဘယ်လိုတော်လှန်ကြမလဲဆိုတာ ကျရောက်လာတဲ့၊ ကျရောက်နိုင်တဲ့ ရန်နဲ့ အန္တရာယ် အမျိုးအစားပေါ်မှာ မူတည်ပါလိမ့်မယ်။

သွေးတစက်မှ မြေမကျဘဲ ကရင်တမျိုးသားလုံးအတွက် တန်းတူရေးနဲ့ ကရင်ပြည် ပြီးပြည့်စုံနိုင်ရေးကို ကရင့်တော်လှန်ရေးခေါင်းဆောင်ကြီး စောဘဦးကြီးက အလိုရှိခဲ့ပါတယ်။ ကြိုးစား ဦးဆောင်ခဲ့ပါတယ်။

ဒါပေမယ့် တောင်အာဖရိကနိုင်ငံ ခေါင်းဆောင်ကြီး နယ်လ်ဆင်မဲန်ဒဲလား ပြောခဲ့သလိုပဲ တကယ်တမ်းမှာ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်သူတွေအားလုံး ခဲရာခဲဆစ် သင်ယူကြရတဲ့ သင်ခန်းစာကတော့ ဖိနှိပ်သူတွေဟာ တော်လှန်ရေးရဲ့ အသွင်သဏ္ဌာန်၊ တိုက်ပွဲတွေရဲ့ အသွင်သဏ္ဌာန်ကို ဖော်ဆောင်တဲ့လူတွေ ဖြစ်တယ်။ ဖိနှိပ်ခံရသူတွေဟာ များသောအားဖြင့် ဘယ်ပုံနဲ့ ခုခံတော်လှန်မလဲဆိုတာ ရွေးချယ်စရာ မရှိပါဘူး။ သူတို့ရွေးချယ်ရတဲ့ ခုခံတော်လှန်ရေးဟာ သူတို့ကို ဖိနှိပ်သူတွေသုံးတဲ့ နည်းလမ်းကိုပဲ ရောင်ပြန်ဟပ်မှာ ဖြစ်ပါတယ်။

“အကြမ်းမဖက်တဲ့ ဖိနှိပ်မှု ဖြစ်နေသေးသရွေ့ အကြမ်းမဖက်တဲ့ ခုခံတော်လှန်မှုဟာ ထိရောက်မှု ရှိနေနိုင်ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းစွာ ဆန္ဒပြတာဟာ အကြမ်းဖက် နှိမ်နင်းခံရတယ်ဆိုရင် အကြမ်းမဖက် ခုခံတော်လှန်ခြင်းရဲ့ ထိရောက်မှုဟာလည်း အဲဒီ အကြမ်းဖက်ခြင်း နှိမ်နင်းခြင်း အစမှာပဲ ဆုံးသွားတာဖြစ်တယ်။ ကျနော့်အတွက် အကြမ်းမဖက်ခြင်းဟာ ပိုပြီး မွန်မြတ်တဲ့ သီလတခုမဟုတ်ဘူး၊ မဟာဗျူဟာတခုသာ ဖြစ်တယ်။ ထိရောက်မှုမရှိတဲ့ လက်နက်ကိရိယာကို အသုံးပြုခြင်းမှာ ဘာကောင်းမွန်တဲ့ သီလမှ မရှိဘူး” လို့ နယ်လ်ဆင်မဲန်ဒဲလားက ပြောခဲ့ပါတယ်။

ကျမတို့နိုင်ငံမှာ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေ အများကြီးရှိနေပါတယ်။ ဘယ်လောက်အထိ အဲ့ဒီအဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးရပ်တည်ချက်တွေဟာ ဟုတ်တယ်၊ မဟုတ်ဘူး ဆိုတာက တပိုင်း၊ ဒါပေမယ့် ကျမတို့အများစု - လူမျိုးဘာသာ နေရာဒေသမရွေး - ယေဘုယျတူညီတဲ့ နားလည်မှုတခုကတော့ ဖိနှိပ်မှုတွေရှိနေတယ် ဆိုတာရယ်၊ အဲ့ဒီဖိနှိပ်မှုတွေကို ခုခံတော်လှန်နေကြတယ် ဆိုတာပါပဲ။ ဒါကလည်း သိပ်မဟောင်းသေးပေမယ့် သိပ်လည်းမသစ်တော့တဲ့ နားလည်မှုတခုပဲ ဖြစ်တယ်။

လွန်ခဲ့တဲ့ နှစ်ခုနှစ်ဆယ်တုန်းက ကရင်လူမျိုးတွေဟာ လက်နက်ကိုင် ခုခံတော်လှန်ရေးကို စတင်ခဲ့ကြရာမှာ အဲ့ဒီမတိုင်ခင်က မတရားမှု၊ ဖိနှိပ်မှုလို့ ကရင်တမျိုးသားလုံးက ယူဆခဲ့တဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။ အဲ့ဒီအခြေအနေတွေကို ပြောင်းလဲဖို့ ပြောဆိုဆွေးနွေးခြင်း အားဖြင့်သော်လည်းကောင်း၊ ငြိမ်းချမ်းစွာ လူစုဆန္ဒပြခြင်း အားဖြင့်သော်လည်းကောင်း ကြိုးစားဆောင်ရွက်ခဲ့တဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ တနိုင်ငံလုံးက ထောင်သောင်းများစွာသော ကရင်လူထုတွေဟာ ရဲရဲဝံ့ဝံ့ လမ်းပေါ်တက်ပြီး ကရင်တမျိုးသားလုံးရဲ့ လိုအင်ဆန္ဒကို ငြိမ်းချမ်းစွာ ထုတ်ဖော်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးက ကရင်သွေး မြေတစက်မှ မကျစေဘဲ … ဆိုတဲ့စကားကို ပြောခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အဲ့ဒီသမိုင်း ဘယ်မှာဆုံးသလဲဆိုတာ ကျမတို့အားလုံး အသိဖြစ်ပါတယ်။

ကရင့်တော်လှန်ရေး ဘယ်ပုံနဲ့သွားမလဲ ဆိုတာကို အချေအတင် ဆွေးနွေးငြင်းခုံခဲ့ကြတာ ရှိပေမယ့် တကယ်တမ်းကျတော့ ကေအဲန်ယူက တခြားရွေးချယ်စရာ အခွင့်အလမ်း မရှိခဲ့ပါဘူး။ သဘောတရားအရ အယူအဆတွေ အမျိုးမျိုး ရှိခဲ့ကြပေမယ့် တကယ်တမ်းမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တယ်ဆိုတာ လူတွေရဲ့ သဘာဝဆန်တဲ့ တုံ့ပြန်မှုပဲဖြစ်တယ် ဆိုတာကို ကရင်အမျိုးသားခေါင်းဆောင်ကြီးတွေ သင်ခန်းစာအကြီးကြီး ရခဲ့တာဖြစ်တယ်။

ပြောချင်တာကတော့ မကြာခင် ကျရောက်လာမယ့် နှစ်ခုနှစ်ဆယ်မြောက် ကရင့်လက်နက်ကိုင် တော်လှန်ရေးနေ့နဲ့ ကျမတို့သွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ခရီးကြမ်းတို့ရဲ့ အဆက်အစပ်ရှိပုံပဲ ဖြစ်ပါတယ်။

တိုင်းပြည် ငြိမ်းချမ်းရေးရရှိဖို့ ဆိုတဲ့နေရာမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ လျော့သွားဖို့၊ ပျောက်သွားဖို့ချည်းပဲ မဟုတ်ဘဲ လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိလာရခြင်း အကြောင်းရင်းတွေကို ထည့်စဉ်းစားကြလိမ့်မယ်လို့ မျှော်လင့်တယ်။ တခါက ဒေါက်တာမာတင်လူသာကင်း ဂျူနီယာ ပြောခဲ့သလိုပဲ “တထောင့်တနေရာမှာ ရှိနေတဲ့ မတရားမှု မှန်သမျှဟာ ဘယ်နေရာမှာမဆို ရှိနေတဲ့ တရားမျှတမှုအားလုံးကို ခြိမ်းခြောက်နေတတ်ပါတယ်။”

တချိန်က ကရင့်တော်လှန်ရေးခေါင်းဆောင် ပြောခဲ့သလို အခုလက်ရှိ ကရင့်တော်လှန်ရေး ခေါင်းဆောင်တွေ ကြိုးစားနေကြချိန်မှာ တကယ်ပဲ လက်နက်ကိုင်ဖြေရှင်းနည်းနဲ့ တော်လှန်ခုခံဖို့ မလိုဘဲ ယဉ်ယဉ်ကျေးကျေးနဲ့ အေးအေးဆေးဆေး ဖြေရှင်းနိုင်ကြမယ်ဆိုရင် အကောင်းဆုံးပါပဲ။

ဒါပေမယ့် နယ်လ်ဆင်မဲန်ဒဲလား ပြောသလိုပါပဲ ... အဖိနှိပ်ခံတွေ ဘယ်ပုံနဲ့ ခုခံတော်လှန်မလဲဆိုတာ ဖိနှိပ်သူတွေက ဖော်ဆောင်တာဖြစ်တယ်။ မိမိကိုယ်ကို ကာကွယ်ဖို့အတွက်၊ အများအတွက် ပိုမိုကောင်းမွန်တဲ့ လူမှုအသိုင်းအဝိုင်းတခု ဖြစ်လာဖို့အတွက် ဆူးငြောင့်ခလုတ်တွေကို ရှင်းလင်းခုတ်ထွင်တဲ့အခါ ထိရောက်မှုမရှိတဲ့ လက်နက်ကိရိယာကို အသုံးပြုခြင်းမှာ ဘာကောင်းမွန်တဲ့ သီလမှ မရှိပါဘူး။ ကျမတို့တွေ မျှော်ရည်မှန်းတဲ့၊ တန်းတူညီမျှမှုရှိတဲ့ လူမှုအသိုင်းအဝိုင်း၊ မတူကွဲပြား စုံလင်မှုတွေကြားမှာ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ကြတဲ့ လူမှုအသိုင်းအဝိုင်းဖြစ်ဖို့ ကျမတို့အားလုံး ငြိမ်းချမ်းချင်ဖို့ လိုပါတယ်။

လူမျိုးတမျိုးရဲ့ လက်ရှိရပ်တည်မှုအတွက်ရော၊ အနာဂတ်အတွက်ပါ ရတက်မအေးရအောင် ခြိမ်းခြောက်နေတဲ့ အရာတွေ ရှိနေသရွေ့ ခုခံတော်လှန်မှုဆိုတာ ရှိနေမှာဖြစ်တယ်။

ကရင်လူမျိုးများနဲ့ လူမျိုးစုများအားလုံး လက်နက်အားဖြင့် မိမိကိုယ်ကို ကာကွယ်ရတဲ့ အခြေအနေတွေ၊ မိမိရပ်ရွာဒေသနဲ့ ဘိုးဘွားအမွေအနှစ်တွေကို ကာကွယ်ရတဲ့ အခြေအနေတွေကို အမြန်ဆုံး အဆုံးသတ်နိုင်ကြပါစေ။ ငြိမ်းချမ်းရေးနဲ့ အေးအေးလူလူ နေထိုင်နိုင်ခွင့်ကို လက်နက်ကိုင် တိုက်ယူရသော အခြေအနေများကို အမြန်ဆုံး အဆုံးသတ်နိုင်ကြပါစေ။ လူတိုင်းလူတိုင်း ကြောက်ရွံ့စိုးရိမ်ရခြင်းမှ ကင်းကင်းဝေးဝေးနဲ့ မတိုက်ဆိုင်မှု၊ မညီမျှမှုတွေကို ယဉ်ယဉ်ကျေးကျေး၊ အေးအေးချမ်းချမ်း ညှိနှိုင်းဆွေးနွေး ဖြေရှင်းနိုင်ကြပါစေ။

တရားမျှတမှုအမြင်၊ အတွေးနဲ့ အခြေအနေတွေကို ခြိမ်းခြောက်နေတဲ့ မတရားမှု၊ မမျှတမှုတွေ အားလုံး ဆိတ်သုဉ်းသွားအောင် လူတိုင်း တော်လှန်တတ်ကြပါစေ။       ။

မေဦးမူတြော်

ခရက်ဒစ် - ကေအန်ယူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013