DVB Logo
Home
နိုင်ငံတကာ
နော်ဝေဘုရင် ပဥ္စမမြောက် ဟာရဲလ်ဒ် သက်တော် ၈၉ နှစ်တွင် နတ်ရွာစံ
DVB
·
August 28, 2026
Photo: DVB (နော်ဝေဘုရင် ပဥ္စမမြောက်ဟာရဲလ်ဒ် မြန်မာနိုင်ငံကို လာရောက်စဉ်။) 
Photo: DVB (နော်ဝေဘုရင် ပဥ္စမမြောက်ဟာရဲလ်ဒ် မြန်မာနိုင်ငံကို လာရောက်စဉ်။) 
Donate to DVB

နော်ဝေဘုရင် ပဥ္စမမြောက်ဟာရဲလ်ဒ် (King Harald V) ဟာ ရှားပါးသွေးရောဂါတမျိုးနဲ့ ပြီးခဲ့တဲ့ အပတ်က ဆေးရုံတက်ကုသခဲ့ရအပြီး သက်တော် ၈၉ နှစ်အရွယ်မှာ  နတ်ရွာစံသွားပါတယ်။

အော်စလိုအမျိုးသားဆေးရုံမှာ ဩဂုတ် ၂၈ ရက် ဒေသစံတော်ချိန် မနက် ၆ နာရီ ၃၅ မိနစ်က အေးချမ်းစွာ နတ်ရွာစံခဲ့တာလို့ နန်းတော်က ထုတ်ပြန်ပါတယ်။

အသက် ၅၃ နှစ်အရွယ် သားတော် ဟော်ကွန်က ဖခင်ရဲ့နေရာကို ဆက်ခံပြီး နော်ဝေဘုရင်သစ် ဖြစ်လာမှာ ဖြစ်ပါတယ်။

ဟာရဲလ်ဒ်ဟာ ၁၉၉၁ ခုနှစ်ကစပြီး ၃၅ နှစ်ကြာ နန်းစံခဲ့ပြီး တော်ဝင်မိသားစုကို လူထုနဲ့ ပိုနီးကပ်လာအောင် ပြောင်းလဲပေးခဲ့တဲ့ လူကြိုက်များတဲ့ ဘုရင်တပါးအဖြစ် သတ်မှတ်ခံရပါတယ်။ သူဟာ ၁၄ ရာစုနောက်ပိုင်း နော်ဝေမှာမွေးဖွားတဲ့ ပထမဆုံး နော်ဝေဘုရင် ဖြစ်ပါတယ်။

အိမ်ရှေ့စံဘဝမှာ သာမန်ပြည်သူတယောက်ဖြစ်တဲ့ ဆွန်ယာကို လက်ထပ်ဖို့ ကိုးနှစ်ကြာ စောင့်ခဲ့ရပြီး သူ့ဖခင်ကတော့ ဥရောပမင်းသမီးတပါးနဲ့ လက်ထပ်စေချင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် အော်စလိုနဲ့ အူတိုယာကျွန်း အကြမ်းဖက်တိုက်ခိုက်မှု နောက်မှာလည်း ပြည်သူတွေကို အချင်းချင်း အားပေးကူညီပြီး “အကြောက်တရားက အနိုင်ယူမသွားစေဖို့” တိုက်တွန်းခဲ့ပါတယ်။

ဟာရဲလ်ဒ်ဟာ ပြည်သူတွေနဲ့ နီးစပ်ပြီး ရိုးရိုးရှင်းရှင်း နေထိုင်တတ်သူအဖြစ် လူသိများတာကြောင့် “ပြည်သူ့ဘုရင်” လို့လည်း ခေါ်ခဲ့ကြပါတယ်။

အားကစားကိုလည်း ဝါသနာပါပြီး နော်ဝေကိုယ်စားပြု အိုလံပစ် ရွက်လှေပြိုင်ပွဲ သုံးကြိမ် ဝင်ပြိုင်ခဲ့ပါတယ်။

ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (WWF) ရဲ့ နော်ဝေဌာနခွဲမှာလည်း နှစ်ပေါင်း ၂၀ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါတယ်။

ဗြိတိန်ဘုရင် တတိယမြောက် ချားလ်စ်နဲ့ ဆွီဒင်ဘုရင် ၁၆ ဆက်မြောက် ကားလ် ဂုစတာ့ဗ် တို့က ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။

ဟာရဲလ်ဒ်မှာ မိဖုရား ဆွန်ယာ၊ သမီးတော် မင်းသမီး မာသာ လူဝီစ်၊ ဘုရင်သစ် ဟော်ကွန်နဲ့ မြေးခြောက်ယောက် ကျန်ရစ်ခဲ့ပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013