DVB Logo
Home
နိုင်ငံတကာ
ဖခင်ရဲအရာရှိ၏သေနတ်ခိုးယူပြီး ကျောင်းဝင်းထဲပစ်ခတ်ခဲ့သည့် ထိုင်းကျောင်းသားကို ဖမ်းဆီး 
DVB
·
September 3, 2026
Photo:Sirote Klampaiboon
Photo:Sirote Klampaiboon
Donate to DVB

ထိုင်းမြောက်ပိုင်း ကမ်ဖိုင်ဖစ်ခရိုင်မှာ စက်တင်ဘာ ၂ ရက် မွန်းလွဲပိုင်းက အသက် ၁၅ နှစ်အရွယ် ကျောင်းသားငယ်တယောက်က သူ့ဖခင်ရဲအရာရှိရဲ့ သေနတ်ကိုခိုးယူပြီး ကျောင်းဝင်းထဲ ပစ်ခတ် ခဲ့ကာ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မနေ့မွန်းလွဲ ၂ နာရီလောက်က ကမ်ဖိုင်ဖစ်မြို့၊ နခွန်းချုမ်းရပ်ကွက်ရှိ ဝချီရပကာဝိထယား အထက်တန်းကျောင်းမှာ နဝမတန်းတက်ရောက်နေတဲ့ ကျောင်းသားတယောက်က ကျောင်းဝင်းထဲ ရုတ်တရက် ဝင်ရောက်လာပြီး ကျောင်းလုံခြုံရေးအစောင့်ကို သေနတ်နဲ့ အရင်ပစ်ခတ်ခဲ့ပါတယ်။

ကံအားလျော်စွာ လုံခြုံရေးအစောင့်က တိမ်းရှောင်နိုင်ခဲ့လို့ ကျည်မထိခဲ့ပါဘူး။ အဲဒီကျောင်းသားဟာ  ကျောင်းဝင်းထဲမှာ သေနတ်ကို မိုးပေါ်ထောင်ပစ်ပြီးနောက် ဆရာမတယောက်ရဲ့ နာမည်ကို အော်ခေါ်ကာ ကျောင်းအ‌ပေါ်ထပ် တက်သွားတယ်ခဲ့ပါတယ်။

လုံခြုံရေးအစောင့်က ကျောင်းတာဝန်ရှိသူကို အကြောင်းကြားသလို သေနတ်သံကြားရတဲ့ ဆရာ /ဆရာမနဲ့ ကျောင်းသားတွေလည်း ဘေးလွတ်ရာပုန်းရှောင်ကြတယ်။ ဒီမတိုင်ခင်ရှေ့က အဲဒီ ကျောင်း မှာ “ထွက်ပြေး- ပုန်းရှောင် - ရင်ဆိုင် “ ဆိုတဲ့ အရေးပေါ်အန္တရာယ်မှ လွတ်မြောက်ရေး လေ့ကျင့်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

သေနတ်သမားက အောက်ထပ်ကို ပြန်ဆင်းလာချိန် ရဲတွေက သူ့ကိုဝိုင်းထားကြပြီး လက်နက်ချဖို့ အမိန့်ပေးလိုက်တယ်။ ကျည်ဆန်တွေ အရင်ထုတ်ခိုင်းတယ်၊ ပြီးတော့ သေနတ်ချခိုင်းတယ်။ ကျောင်းသားက အသာတကြည် လက်နက်ချတာနဲ့ ရဲတွေက သူ့ကို ဝိုင်းဝန်းဖမ်းဆီးလိုက်ပါတယ်။

ဒီပစ်ခတ်မှုမှာ ကျောင်းပြတင်းပေါက်မှန်နဲ့ အဆောင်အအုံနံရံအချို့  ပျက်စီးတာကလွဲလို့ သေဆုံး ဒဏ်ရာရသူ မရှိခဲ့ပါဘူး။

ကျောင်းသား မိဘအုပ်ထိန်းသူတွေကတော့ စိုးရိမ်တကြီးနဲ့ မိမိသားသမီးကို ကျောင်းတံခါးဝမှာ လာကြိုပြီး အခြေအနေကို စောင့်ကြည့်နေကြပါတယ်။ 

အခြေအနေတွေ တည်ငြိမ်သွားတဲ့အခါမှာ ကမ်ဖိုင်ဖစ်ခရိုင် ရဲတပ်ဖွဲ့ ရဲမှူးကြီး အနေကျန်းဆွန်က ဖြစ်စဉ်နဲ့ ပတ်သက်လို့ သတင်းထောက်တွေကို ပြောပြခဲ့တယ်။

ပစ်ခတ်မှုကျူးလွန်တဲ့ ကျောင်းသားဟာ မြို့နယ်ရဲတပ်ဖွဲ့ ကင်းလှည့်တပ်ဖွဲ့က ရဲအရာရှိရဲ့ သားဖြစ်ပြီး သူ့ဖခင်ရဲ့ ကားမှန်ကိုရိုက်ခွဲပြီး သေနတ်ကိုခိုးယူခဲ့တယ်၊ ပစ်ခတ်တဲ့ကျည်မှာ ၉ မမ အမျိုးအစား ဖြစ်ပြီး သေနတ်ပစ်ကျွမ်းကျင်ခြင်းမရှိဘဲ ခြိမ်းခြောက်တဲ့အနေနဲ့ သဘာဝအတိုင်း ပစ်ခတ်တာ ကြောင့် ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ပြောပါတယ်။

ကျောင်းသားရဲ့ မိခင်ကတော့ သားဖြစ်သူမှာ စိတ်ကျရောဂါဖြစ်နေပြီး ဆရာဝန်နဲ့ ကုသနေတယ်၊ တခုခုဖြစ်မှာစိုးလို့  ကျောင်းကိုမလွှတ်တာ သီတင်း ၂ ပတ်ရှိပြီဖြစ်တယ်၊ ဒီလိုဖြစ်ရတဲ့အပေါ် တောင်းပန်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။ 

စာသင်ကျောင်းဘက်ကတော့ လောလောဆယ် ကျောင်းကို ၂ ရက် ပိတ်ထားပြီး အွန်လိုင်းမှ သင် ကြားပေးမယ်၊ အခြေအနေ ပုံမှန်ပြန်ရောက်အောင် ဆောင်ရွက်နေပြီး အုပ်ထိန်းသူတွေအနေနဲ့ စာသင်ကျောင်းလုံခြုံရေးအတွက် စိတ်ချယုံကြည်ဖို့ ထုတ်ပြန်ထားပါတယ်။  

Source: Matichon/CH7 HD News 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013