DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံး ဆရာ၊ ဆရာမဦးရေ ၈ သောင်းကျော်နှင့် စာသင်ဆောင် ၄ သောင်းကျော် လိုအပ်
DVB
·
May 10, 2019
တနိုင်ငံလုံး ဆရာ၊ ဆရာမဦးရေ ၈ သောင်းကျော်နှင့် စာသင်ဆောင် ၄ သောင်းကျော် လိုအပ်
Donate to DVB

တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် မူလတန်းပြ၊ အလယ်တန်းပြနဲ့ အထက်တန်းပြ ဆရာ၊ ဆရာမ ဦးရေ ၈ သောင်းကျော်နဲ့ စာသင်ဆောင် ၄ သောင်း လိုအပ်တယ်လို့ ပညာရေးဝန်ကြီးက ပြောပါတယ်။

KG+12 စနစ် ပညာရေး အောင်နိုင်ရေးအတွက် KG စာသင်ခန်း အဆင့်မြှင့်တာ၊ သင်ထောက်ကူပစ္စည်းတွေ အလုံအလောက် ထောက်ပံ့ပေးတာ၊ ဆရာ၊ ဆရာမတွေကို လုံလောက်တဲ့ သင်တန်းတွေနဲ့ အခွင့်အလမ်းတွေ ပေးအပ်တာနဲ့ မိဘ၊ ဆရာ၊ ဆရာမတွေကို လက်ရှိထက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေဖို့ ကျောင်းတိုင်းမှာ ပညာရေးဆွေးနွေးပွဲတွေ ပြုလုပ်ပေးဖို့ အစီအစဉ်ရှိမရှိ မေးခွန်းနဲ့ပတ်သက်ပြီး ပြန်လည်ဖြေဆိုတာမှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အခုလို ပြောလိုက်တာပါ။

"လက်ရှိ ပညာရေးစနစ်မှာ တိုးတက်လာတဲ့ အလယ်တန်း၊ အထက်တန်း ကျောင်းတွေအပြင် KG တတန်းအရ လိုအပ်တဲ့ မူလတန်းပြ ဆရာ၊ ဆရာမ ဦးရေဟာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှာ စုစုပေါင်း ၅၀၈၂၀ ဦး၊ ၂၀၂၂-၂၃ ခုနှစ် မတိုင်မီထိ လိုအပ်မှာဖြစ်ပါတယ်" လို့ ဒေါက်တာမျိုးသိမ်းကြီးက ဆိုပါတယ်။

တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှာ အလယ်တန်းကျောင်း ၁၀၉၉၇ ကျောင်းရှိပြီး လိုအပ်တဲ့ အလယ်တန်းပြ ဆရာ၊ ဆရာမ ဦးရေမှာ စုစုပေါင်း ၂၄၀၃၈ ဦးဖြစ်ပြီး အထက်တန်းကျောင်းကတော့ ၃၆၈၀ ကျောင်းရှိပြီး လိုအပ်တဲ့ အထက်တန်းပြဆရာ၊ ဆရာမ ဦးရေမှာ စုစုပေါင်း ၁၃၀၇၆ ဦးဖြစ်တယ်လို့လည်း ပြောပါတယ်။

"ဒီ လိုအပ်နေတဲ့ ဆရာ၊ ဆရာမတွေကိုတော့ သူ့ရဲ့လိုအပ်ချက်အရ နှစ်စဉ် ပညာသင်နှစ်တွေမှာ ခန့်ထားနိုင်ဖို့ ခွင့်ပြုချက်ရဖို့ စီစဉ်ဆောင်ရွက်နေပါတယ်" လို့ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

ဒါ့အပြင် ဆရာ၊ ဆရာမ လိုအပ်ချက်နဲ့အတူ တိုးတက်လာတဲ့ ကျောင်းသားဦးရေနဲ့ KG+12 ပညာရေးစနစ်သစ်အရလည်း စာသင်ဆောင် (၆၀×၃၀) ပေ လိုအပ်နေပြီး KG အတွက် စာသင်ဆောင် ၂၃၂၃၄ ဆောင်၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းတွေအတွက် ၂၂၇၅၉ ဆောင်၊ စုစုပေါင်း ၄၅၉၉၃ ဆောင် လိုအပ်နေတယ်လို့ သိရပါတယ်။

"ဒါကြောင့် လိုအပ်နေတဲ့ ကျောင်းဆောင်တွေ၊ အန္တရာယ်ရှိ ကျောင်းဆောင်တွေ ဖြည့်ဆည်းပေးနိုင်ဖို့ နှစ်စဉ်ခွင့်ပြုဘဏ္ဍာငွေ တောင်းခံနေပါတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာ စာသင်ခန်း လုံလောက်အောင် ဖြည့်ဆည်းနိုင်ခြင်း မရှိဘူးဆိုရင် ၂၀၂၂-၂၃ ပညာသင်နှစ်ကစပြီး ကျောင်းအချို့မှာ နှစ်ချိန်ကျောင်းတွေအဖြစ် စီစဉ်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်" လို့ ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

အခုလို ဆရာ၊ ဆရာမနဲ့ ကျောင်းဆောင်လိုအပ်ချက်တွေအပြင် တနိုင်ငံလုံးရှိ အစိုးရကျောင်း စုစုပေါင်း ၄၇၀၀၅ ကျောင်းမှာ စာရေးခုံ ၁၁၄၆၅၁၁ ခုံ လိုအပ်နေသလို စာကြည့်တိုက်၊ သိပ္ပံခန်း၊ ကွန်ပျူတာ၊ သန့်စင်ခန်းနဲ့ သောက်သုံးရေ လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013