DVB Logo
Home
မြန်မာသတင်း
ဥပဒေပညာသင်ရမည်ဟု စစ်ခေါင်းဆောင်ပြောသဖြင့် ဆရာဆရာမများကို ဥပဒေသင်တန်းပေး
DVB
·
November 8, 2024
ဥပဒေပညာသင်ရမည်ဟု စစ်ခေါင်းဆောင်ပြောသဖြင့် ဆရာဆရာမများကို ဥပဒေသင်တန်းပေး
Donate to DVB

အခြေခံပညာရေးမှာ ဥပဒေပညာသင်ကြားပို့ချရမယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုပြီးနောက် ရန်ကုန်မှာ Non-CDM ဆရာ ဆရာမတွေကို ဥပဒေပညာသင်တန်းပေးနေတယ်လို့ သိရပါတယ်။

Grade 11 နဲ့ Grade 12 မှာ ဥပဒေပိုင်းဆိုင်ရာ အခြေခံအသိအမြင်တွေကို သင်ကြား ပို့ချရမယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကိုပေးပို့လိုက်တဲ့ သဝဏ်လွှာမှာ ထည့်သွင်းရေးသားခဲ့ပြီး အခု နိုဝင်ဘာလထဲ ရန်ကုန်က အထက်တန်းအဆင့်ဆရာဆရာမတွေကို ဥပဒေပညာသင်တန်းတွေပေးနေတယ်လို့ ရန်ကုန်တိုင်းပညာရေးမှူးရုံးက သိရပါတယ်။

ရန်ကုန်တိုင်းပညာရေးမှူးရုံးက အရာရှိတယောက်က “သင်တန်းကတော့ ၁၀ ရက်လောက် ကြာပါမယ်။ ဒီနေ့စပေးတာပေါ့။ ရန်ကုန်တိုင်းတရားလွှတ်တော်ရှေ့နေတွေနဲ့ တရားသူကြီးတွေနဲ့ သင်တန်းပေးဖို့ စီစဉ်ထားတယ်။ ဆရာဆရာမတွေကတော့ ငြည်းကြတာပေါ့။ စနစ်သစ်ရဲ့ မွန်းမံတွေလည်းတက်ရ၊ တခြားသင်တန်းတွေလည်း တက်ရဆိုတော့ ဒီသင်တန်းက သင်တာတွေကို အားလုံးမှတ်မိမှာမဟုတ်ဘူးဆိုတာမျိုး ပြောကြတာတော့ရှိတယ်”လို့ ပြောပါတယ်။

ရန်ကုန်တိုင်း ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအတွက် အထက်တန်းပြဆရာ ဆရာမ ၇၀၀ နီးပါးကို သင်တန်းနေရာ ၄  ခုခွဲပြီး တပြိုင်နက်တည်း သင်တန်းပေးနေတာဖြစ်တယ်လို့ အဆိုပါအရာရှိက ပြောပါတယ်။

အခုလို ကျောင်းဖွင့်ချိန်တွေမှာပင် တခြားသင်တန်းတွေတက်ရောက်နေရတဲ့ ဆရာ ဆရာမတွေဟာ ရက်ရှည်ကျောင်းပိတ်ရက်တွေမှာလည်း မွန်းမံသင်တန်းတွေ တက်ရောက်တဲ့အပေါ် ဝေဖန်နေကြပါတယ်။

အထက (၁) အင်းစိန်က ဆရာမတယောက်က “ပညာရေးနဲ့ ပတ်သက်ပြီး မင်းအောင်လှိုင် တခုခုပြောမှာပဲ ကြောက်နေရတယ်။ သူက အသိပညာရှိရမယ်လို့ လွယ်လွယ်လေး ပြောလိုက်တာ။ အောက်ကဟာတွေက အကုန်လိုက်လုပ်တာ။ အခုခေတ်မှာ အွန်လိုင်းကနေ Learn လုပ်လို့ရတယ်။ ဆရာဆရာမတွေဒါတွေသိအောင်လုပ်ကြပါလို့ပြောလိုက်ရင်ရတယ်။ အခုက အတန်းချိန်ဖျက် ၊ အချိန်ကုန် ငွေကုန်ခံပြီး တကူးတကတက်ရတာ။ တော်တော် စိတ်ပျက်ဖို့ကောင်းတယ်” လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်ဟာ ရန်ကုန်တက္ကသိုလ်မှာ ဥပဒေဘာသာရပ်ကို သင်ကြားနေရင်း စစ်တက္ကသိုလ်ကို ပြောင်းတက်ခဲ့သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကမ္ဘာ့ဆရာများနေ့အတွက်ပေးပို့တဲ့သဝဏ်လွှာမှာ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းတဲ့နိုင်ငံကို တည်ဆောက်နိုင်ဖို့ လူတိုင်းဥပဒေကို သိရှိလိုက်နာရမယ်လို့ ထည့်သွင်းပြောဆိုခဲ့တာပါ။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းတာကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လုပ်ခဲ့တာလို့ သူ့ရဲ့ ပြည်ထောင်စုဝန်ကြီး အစည်းအဝေးတွေနဲ့ တပ်ရင်းဌာနချုပ်တွေ သွားရောက်စဉ်မှာ မကြာခဏ ထုတ်ပြောခဲ့သူလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013