
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် သံဇစ်မြစ်မှာ ကင်းလှည့်နေတဲ့ စစ်အာဏာရှင်ရေတပ်က ဒေသခံစက်လှေတွေကို သေနတ်နဲ့လိုက်ပစ်လို့ ဒေသခံ အမျိုးသား ၂ ယောက် ပြင်းထန်ဒဏ်ရာ ရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေနတ်နဲ့ပစ်ခံရပြီး ဒဏ်ရာရသွားတဲ့သူတွေကတော့ အမ်းမြို့နယ်၊ စိတ္တရရွာက မောင်ဘပေ (၁၅ နှစ်) နဲ့ ဦးမောင်ဟန် (၅၂ နှစ်) တို့ ဖြစ်ကြပါတယ်။
ဇွန် ၇ ရက် မနက် ၉ နာရီခန့်က ရမ်းဗြဲမြို့နယ်၊ မင်းကြောင်းတံတားဘက်ကနေ ဝက်တင်ပြီး ပြန်လာတဲ့ စက်လှေတစီးကို ကျောက်ဖြူမြို့နယ် သံဇစ်မြစ်မှာ ရပ်နားထားတဲ့ ရေတပ်သင်္ဘာကနေ ကင်းလှည့်နေချိန် သေနတ်နဲ့ လိုက်ပစ်ခဲ့လို့ ဒေသခံ အမျိုးသား ၂ ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်လို့ ကျောက်ဖြူဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ရမ်းဗြဲကနေ မင်းကြောင်းချောင်းဘက်ကနေ စက်လှေနဲ့ ဝက်တင်ပြီး သွားတဲ့အချိန်မှာ စစ်ကောင်စီ နေဗီကနေ စပိဘုတ်နဲ့ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေ စက်သေနတ်နဲ့ လိုက်ပစ်လို့ ဒဏ်ရာရသွားတာ။”
ကျောက်ဖြူ သံဇစ်မြစ်ကြောတလျှောက်မှာ အကြမ်းဖက် စစ်အာဏာရှင် ရေတပ်သင်္ဘောတွေ ကျောက်ချကာ စပိဘုတ်နဲ့ အနီးအနားတွေကို ကင်းလှည့်နေပြီး နေဗီပေါ်ကနေ ကမ်းစပ်နဲ့နီးတဲ့ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ နေ့စဉ် စိုးရိမ်ထိတ်လန့်စွာ နေကြရတယ်လို့ စစ်ရှောင် ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“မိုးပေါ်ကပစ်မလား၊ ကုန်းပေါ်ကပစ်မလား၊ ရေထဲကပစ်မလား ဆိုပြီး နေ့စဉ် ဒီစိတ်နဲ့ပဲ ဖြစ်သန်းနေရတယ်။ ပင်လယ်ထဲ ဝမ်းရေးအတွက် ငါးရှာထွက်လည်းပစ်၊ အရေးပေါ်ကိစ္စသွားလည်း ပစ်တယ်။ စစ်ကောင်စီက ဒေသခံတွေကို တနည်းမဟုတ်တနည်းနဲ့ ဒုက္ခပေးနေတယ်။”
မြေပြင်မှာ စစ်ရေးအရ လတ်တလော အထိနာနေတဲ့ စစ်အာဏာရှင်တပ်ဟာ အာရက္ခတပ်တော် (AA) ကို ပြန်လည်ခုခံတိုက်ခိုက်ဖို့ စစ်အင်အား ထောင်ချီနဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်းထားပြီး လက်နက်အင်အားသုံးကာ စစ်ရေးနေရာမဟုတ်တဲ့ ဒေသခံနေတဲ့ နေရာတွေကိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေအပြင် ရေပြင်မှာ သွားလာလှုပ်ရှားနေတဲ့ စက်လှေတွေကိုလည်း လက်နက်အားသုံးပြီး ပစ်ခတ်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။











