
အမေရိကန် ဦးဆောင်တဲ့ စစ်ရေးအင်အား တိုးချဲ့မှုတွေ၊ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန် အစိုးရတွေကြား နျူကလီးယားဆိုင်ရာ မဟာမိတ် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့လာမှုတွေကြောင့် မြောက်ကိုရီးယားက နျူကလီးယားစွမ်းရည်ကို အားကောင်းအောင် တိုးချဲ့ဖို့ ကြိုးပမ်းချက်တွေက မှန်တယ်လို့ မြောက်ကိုရီးယား ဒုတိယ ကာကွယ်ရေးဝန်ကြီးက စက်တင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။
မြောက်ကိုရီးယား ဒုတိယကာကွယ်ရေးဝန်ကြီး ကင်မ် ကန် အီလ်က တရုတ်နိုင်ငံမှာ ကျင်းပပြီး အဓိကကျတဲ့ နိုင်ငံတကာလုံခြုံရေး ညီလာခံဖြစ်တဲ့ ပေကျင်း ရှန့်ရှန်း ဖိုရမ်မှာ ခုလိုပြောခဲ့တာပါ။
မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံအဖြစ် ရပ်တည်ချက်က ပြောင်းလို့ မရဘူးလို့ သူက ဆက်ပြောပြီး နျူကလီးယားလက်နက် အင်အားကို ဆက်တိုးချဲ့သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ဖြစ်နေရတာဟာ မြောက်ကိုရီးယားအပေါ် အမေရိကန် အစိုးရရဲ့ မပြောင်းလဲတဲ့ ရန်လိုတဲ့ မူဝါဒကြောင့် ဖြစ်တယ်လို့လည်း ကင်မ်က အပြစ်တင် ပြောဆို ခဲ့ပါတယ်။
တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုကိုလည်း အမေရိကန်က နျူကလီးယားဆိုင်ရာ မဟာမိတ်အဖွဲ့အဖြစ် ပြောင်းလဲပစ်လိုက်တယ်လို့ စွပ်စွဲပြောကြားခဲ့ပါတယ်။
ရှန့်ရှန်းဖိုရမ်မှာ ကင်မ် တက်ခဲ့တာဟာ မကြာသေးမီနှစ်တွေအတွင်း နိုင်ငံတကာလုံခြုံရေးဆိုင်ရာ အစည်းအဝေးတခုမှာ မြောက်ကိုရီးယားဘက်က အဆင့်မြင့်ကိုယ်စားလှယ်တယောက် ပါဝင်တက် ရောက်တဲ့ ရှားပါးဖြစ်ရပ်တခုပါ။
အမေရိကန်အစိုးရနဲ့ မဟာမိတ်တွေအကြား တင်းမာမှုတွေ ရှိနေချိန်မှာ တရုတ်အစိုးရနဲ့ ဆက်ဆံရေး ပိုကောင်းအောင် မြောက်ကိုရီးယားက ကြိုးပမ်းနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ကင်မ်ဂျုံအန်းရဲ့ ဩဇာကြီးမားတဲ့ ညီမဖြစ်သူ ကင်မ်ယိုးဂျုံကလည်း မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေးကိစ္စရပ်ကို ဆွေးနွေးခဲ့တဲ့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ရဲ့ အထွေထွေညီလာခံကို အပြင်းအထန် ဝေဖန်ကန့်ကွက်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က စက်တင်ဘာ ၁၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။
သူက IAEA အစည်းအဝေးကို “အမြဲကြားနေကျ အဓိပ္ပာယ်မရှိတဲ့ ဆွေးနွေးပွဲတွေ” လို့လည်း ခေါ်ဆိုခဲ့ပါတယ်။
စက်တင်ဘာ ၁၄ ရက်မှာ ကျင်းပခဲ့တဲ့ IAEA အဖွဲ့ဝင်နိုင်ငံတွေရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ IAEA က မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအပေါ် စိုးရိမ်ပူပန်တယ်လို့ ထုတ်ပြောခဲ့တာပါ။
နျူကလီးယားလက်နက်ဖျက်သိမ်းရေးဆိုင်ရာ အစီအမံတွေ ဆောင်ရွက်ကြဖို့ အစည်းအဝေးမှာ တိုက်တွန်းခဲ့ပြီးတဲ့နောက် ကင်မ်က ခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
Source:Reuters











