DVB Logo
Home
မြန်မာသတင်း
မူဆယ်နယ်စပ်ကို တရုတ်ဘက်က ကျူးကျော်ဝင်ရောက်ခဲ့ခြင်း မရှိဟုဆို
DVB
·
March 15, 2019
မူဆယ်နယ်စပ်ကို တရုတ်ဘက်က ကျူးကျော်ဝင်ရောက်ခဲ့ခြင်း မရှိဟုဆို
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ နှစ်နိုင်ငံနယ်စပ်မျဉ်းအနီးမှာ တရုတ်ဘက်က အလံတွေ လာစိုက်ထူထားကြောင်း လူမှုကွန်ရက်မှာ ပြန့်နေတဲ့ သတင်းတွေဟာ မဟုတ်မှန်တဲ့အကြောင်း အဲဒီနေရာကို ကိုယ်တိုင်သွားကြည့်ခဲ့တဲ့ မူဆယ် ကရုဏာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ  ဦးသောင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ဆင်ဖြူဈေးအနီးကို မနေ့မွန်းလွဲပိုင်းက တရုတ်လုံခြုံရေး တပ်ဖွဲ့ဝင်တွေ လက်နက်ကိုင်ဆောင် ဝင်ရောက်လာပြီး တရုတ်နိုင်ငံအလံ စိုက်ထူတဲ့ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ ပြန့်နေတာ ဖြစ်ပါတယ်။

အဲဒီနေရာကို သွားရောက်လေ့လာကြည့်ရှုခဲ့တဲ့ မူဆယ်မြို့နယ် ကရုဏာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက “ကျူးကျော်တယ်ဆိုတာ မဟုတ်ပါဘူးဗျ၊ နှစ်နိုင်ငံ သဘောတူချက်နဲ့ နယ်စပ်ခြံစည်းရိုး သတ်မှတ်ထားပြီးသား နေရာကိုပဲ ကင်းလှည့်ရင်းနဲ့ သူတို့ဘက်ခြမ်းကို သူတို့ပြင်ဆင်ဖို့အတွက် လာပြီးဆောင်ရွက်နေတာဖြစ်တယ်။ ကနေ့မနက် ကျနော်ရောက်သွားတော့ ခြံစည်းရိုးကာဖို့ သွပ်ပြားတွေ လာချသွားတယ်။ သံဂဟေလုပ်သားတွေလည်း လာတယ်။ မနေ့ကတော့ သူတို့ပိုင်တဲ့အခြမ်းဘက်ကို သူတို့ အလံစိုက်တယ်။ အမှိုက်တွေမပစ်ဖို့ လာပြောတယ်။ ဆိုင်ကယ်တွေ ရပ်ထားတာကို သူတို့ပိုင်နက်ထဲမှာ မရပ်ဖို့ လာပြောတယ်” လို့ ပြောပါတယ်။

အဲဒီနေရာမှာ နယ်စပ်ဝင်ပေါက်ထွက်ပေါက်ဂိတ်ရှိပြီး လူဝင်လူထွက် နေ့စဉ်နဲ့အမျှ  များပြားလာတာကြောင့် ဂိတ်စခန်း တိုးချဲ့မယ်လို့လည်း ကြားသိရတယ်လို့ ဆိုပါတယ်။

အဲဒီနေရာကို ဒီမနက် မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ အက်စ်ဘီနဲ့ စည်ပင်သာယာရုံးက သက်ဆိုင်ရာ တာဝန်ရှိသူတွေလည်း လာရောက်စစ်ဆေးသွားတယ်လို့ ဒေသခံက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မူဆယ်ခရိုင်နဲ့ မြို့နယ် တာဝန်ရှိသူတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် တာဝန်ယူ ဖြေကြားပေးမယ့်သူ မရှိပါဘူး။

အဲဒီနေရာမှာ တရုတ်နိုင်ငံဘက်ခြမ်းက ကျယ်ဂေါင်မြို့နဲ့ မြန်မာဘက်ခြမ်းက မူဆယ်မြို့တို့ တည်ရှိပြီး နိုင်ငံနယ်နိမိတ်တွေ မပေါ်ပေါက်ခင်ကတော့ ရွှေလီလွင်ပြင် တဆက်တည်းမှာ မောရှမ်းနွယ် ဆွေမျိုးသားချင်းတွေ တရွာတည်းလိုလို နေထိုင်ခဲ့ကြပါတယ်။

ဓာတ်ပုံ - သန်းထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013