ဖိလစ်ပိုင်နိုင်ငံ ပလဝမ်ပြည်နယ်က နာမည်ကျော်ခရီးသွားဒေသ ကိုရွန်အနီးမှာ ခရီးသည်တင် သင်္ဘောတစီး မီးလောင်ခဲ့လို့ အနည်းဆုံး ၅ ယောက်သေဆုံးပြီး ၈၆ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ကမ်းခြေစောင့်တပ်က ပြောပါတယ်။
M/V June Aster သင်္ဘောဟာ စက်တင်ဘာ ၉ ရက် ညနေပိုင်းမှာ ကိုရွန်ကမ်းခြေကနေ ၂ ဒသမ ၂ ကီလိုမီတာလောက်အကွာ ရောက်နေချိန်မှာ မီးစလောင်ခဲ့တာ ဖြစ်ပါတယ်။
ဒီသင်္ဘောဟာ မနီလာကနေ ကိုရွန်ကို သွားနေတာဖြစ်ပြီး ခရီးသည် ၁၁၇ ယောက်နဲ့ သင်္ဘောဝန်ထမ်း ၁၇ ယောက်၊ စုစုပေါင်း ၁၃၄ ယောက် လိုက်ပါလာပါတယ်။
နောက်ဆုံးအချက်အလက်အရ လူ ၄၃ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး ၅ ယောက် သေဆုံးတယ်လို့ သိရပါတယ်။
ကမ်းခြေစောင့်တပ်က ထုတ်ပြန်တဲ့ ရုပ်သံတွေမှာ သင်္ဘောတစီးလုံးနီးပါး မီးတောက်တွေနဲ့ ဖုံးလွှမ်းနေတာကို တွေ့ရပါတယ်။
ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ နိုအီမီ ကာယာဘက်က ကယ်ဆယ်ရေး ဆက်လုပ်နေတဲ့အတွက် “ဒီအရေအတွက် အပြောင်းအလဲရှိနိုင်တယ်” လို့ ပြောပါတယ်။
ကမ်းခြေစောင့်တပ်နဲ့ ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေက ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။











