မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် တို့အကြား တွေ့ဆုံဆွေးနွေးပွဲ ဖြစ်လာနိုင်ခြေ ရှိနေချိန်မှာပဲ မြောက်ကိုရီးယားက အသစ်ဖွင့်လှစ်လိုက်တဲ့ စစ်ရေးပြတိုက်မှာ အမေရိကန်နိုင်ငံအထိ ရောက်နိုင်စွမ်းရှိတဲ့ ဒုံးကျည်တွေကို ထုတ်ပြထားတာဟာ သူ့နိုင်ငံရဲ့ “တန်ပြန်ခြိမ်းခြောက်နိုင်စွမ်း ဘယ်လောက်ရှိတယ်” ဆိုတာကို ပြသလိုက်တာပဲလို့ တောင်ကိုရီးယား သုတေသီတယောက်က အောက်တိုဘာ ၁၃ ရက်မှာ ပြောပါတယ်။
ကင်မ်ဂျုံအန်းဟာ အမေရိကန်နိုင်ငံအထိ ရောက်ရှိနိုင်စွမ်းရှိတဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) တွေကို ပြသထားတဲ့ ကာကွယ်ရေးလုပ်ငန်းပြတိုက်ကို အောက်တိုဘာ ၁၁ ရက်မှာ သွားရောက်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက အင်္ဂါနေ့မှ ဖော်ပြခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က နိုဝင်ဘာလလယ်လောက်မှာ တရုတ်နိုင်ငံမှာ ကျင်းပမဲ့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး (APEC) ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့အတွက် အာရှကို သွားရောက်ဖို့ရှိပြီး ကင်မ်ဂျုံအန်းနဲ့ တွေ့ဆုံကောင်း တွေ့ဆုံနိုင်ခြေ ရှိတယ်လို့ ထရမ့်ပ်က ပြောကြားခဲ့အပြီး တရက်အကြာမှာပဲ အခုအစီရင်ခံစာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ကိုရီးယား အမျိုးသားပြန်လည်သင့်မြတ်ရေးသိပ္ပံ (KINU) က အကြီးတန်းသုတေသီ ဟုန်းမင်းက ကင်မ်ဂျုံအန်း သွားရောက်ခဲ့တဲ့ အဲဒီပြတိုက်ဟာ မြောက်ကိုရီးယားရဲ့ စစ်ရေးစွမ်းရည်နဲ့ နျူကလီးယား ဟန့်တားနိုင်စွမ်းတွေကို အမြဲတမ်း ထာဝရ ပြသနိုင်ဖို့ ရည်ရွယ်တည်ဆောက်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အဲဒါက ဖြစ်နိုင်ခြေတခုသက်သက်ထက်ကို ပိုလွန်ပြီး (အမေရိကန်နဲ့ ဆွေးနွေးမှုတွေမှာ ညှိနှိုင်းစွမ်းအား မြှင့်တင်ဖို့အတွက်) အဓိက တည်ဆောက်ထားတာပါ။ သူတို့မှာ လက်နက် ဘယ်လောက်ရှိတယ်၊ ဟန့်တားနိုင်စွမ်း ဘယ်လောက်ရှိတယ် ဆိုတာကို အမြဲတမ်းပုံစံနဲ့ အထင်အရှား ပြသတဲ့ နည်းလမ်းတခုပါပဲ” လို့ ဟုန်းမင်းက ပြောပါတယ်။
နိုင်ငံပိုင် KCNA သတင်းဌာနရဲ့ ဖော်ပြချက်အရ အဲဒီပြတိုက်ဖွင့်ပွဲ အခမ်းအနားကို ခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ သူ့ရဲ့ဇနီး ရီဆိုလ်ဂျူ၊ လူသိများလာပြီဖြစ်တဲ့ သမီးဖြစ်သူ ဂျူအဲ တို့နဲ့အတူ တက်ရောက်ခဲ့ကြပါတယ်။
အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ ဒရုန်းတွေနဲ့ ဟွာဆောင်း-၂၀ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) အပါအဝင် ကင်မ်ဂျုံအန်းရဲ့ ခေါင်းဆောင်မှုအောက်မှာ တီထွင်ခဲ့တဲ့ လက်နက်မျိုးစုံကို ပြသထားတာ မြင်တွေ့ရပါတယ်။
တောင်ကိုရီးယားစစ်တပ်က မြောက်ကိုရီးယားဟာ အရှေ့ဘက်ကမ်းလွန် ပင်လယ်ပြင်ဆီကို ပဲ့ထိန်းဒုံးကျည် အစင်းများစွာ ပစ်လွှတ်ခဲ့တယ်လို့ အောက်တိုဘာ ၁၂ ရက်မှာ ပြောပါတယ်။
ဒီပစ်လွှတ်မှုဟာ ဆိုးလ်ဘက်က အသံထက်မြန်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တစင်း စမ်းသပ်ခဲ့ပြီးနောက် တလအတွင်း ပြုံယမ်းရဲ့ စတုတ္ထမြောက် ပစ်လွှတ်မှုလည်း ဖြစ်ပါတယ်။
Source: Reuters











