မန္တလေး-မိုးမိတ်လမ်းပိုင်းရှိ စစ်တပ်စခန်း ၃ ခုကို KIA သိမ်းပိုက်

မန္တလေး-မိုးမိတ် လမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့ စစ်အာဏာရှင်တပ်က ခြေကုပ်ယူထားတဲ့ ရှေ့တန်း စခန်း ၃ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက သိမ်းပိုက်ပြီးနောက် စစ်တပ်ဟာ အဲဒီဒေသတဝိုက်ကို လေကြောင်းကနေ ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းအစပ် မိုးမိတ်မြို့နယ်အတွင်းက ကင်းချောင်းရွာ (လားဟူရွာ)၊ ပေကုန်းရွာနဲ့ သစ်စိမ်းကုန်းရွာတို့မှာရှိတဲ့ စစ်တပ်ရဲ့ ရှေ့တန်းကာကင်းစခန်း ၃ ခုကို နိုဝင်ဘာ ၁၉ ရက်မှာ KIA ပူးပေါင်းတပ်တွေက တပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်ပြီး သိမ်းပိုက် ခဲ့တာပါ။
စခန်းတွေ လက်လွှတ်လိုက်ရတဲ့နောက် စစ်တပ်ဟာ မိုးမိတ်မြို့ဘက်ကနေ စစ်ကူပို့ပြီး ပြန်လည် ထိုးစစ်ဆင်နေသလို Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့လည်း လေကြောင်းတိုက်ခိုက်နေတယ် လို့ မြေပြင်သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
အဲဒီဒေသမှာ မြေပြင်တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေဟာ အတော်လေး ဒုက္ခရောက် နေကြရပြီး လေကြောင်းတိုက်ခိုက်မှုတွေကလည်း ပိုမိုပြင်းထန်လာတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “စစ်တပ်က ဗုံးတွေ ဆက်တိုက်ကြဲချနေတာ။ လေယာဉ်နဲ့ Cluster ဗုံးတွေ ပိုသုံးလာတယ်။ ဒီနေ့မနက် ၂ နာရီအထိကို ကြဲနေတုန်းပဲ” လို့ DVB ကို ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနေတာကြောင့် ဒေသခံတွေရဲ့ လုံခြုံရေးအခြေအနေဟာ စိုးရိမ်စရာဖြစ်နေပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားမထိခိုက်ပေမဲ့ နေအိမ်တွေပျက်စီးတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၉ ရက်က တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၅ ယောက် သေဆုံးပြီး ရဲကွန်မန်ဒို တယောက် ကို အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲမှာ KIA တပ်မဟာ ၁၁၊ တပ်မဟာ ၄၊ ABSDF နဲ့ KPDF ပူးပေါင်းတပ်တွေ ပါဝင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် နိုဝင်ဘာလ တတိယပတ်အတွင်း မိုးမိတ်မြို့ကနေ မြစ်ဆုံ-မဘိမ်းလမ်းပိုင်းဘက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား မိုးမိတ်မြို့နဲ့ ၆ မိုင်အကွာ၊ ဒေသအခေါ် ၆ မိုင်ရွာနဲ့ ၅ မိုင်အနီးတဝိုက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။
စစ်တပ်ဟာ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက မိုးမိတ်မြို့မှာ စစ်အင်အားတွေ ဖြည့်တင်းပြီး ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်ဘက်ကို စစ်ကြောင်းထိုးဖို့ ကြိုးပမ်းခဲ့တာပါ။
မြေပြင်မှာ စစ်တပ်အထိနာတိုင်း Mi-35 ရဟတ်ယာဉ်နဲ့ Y-12 လေယာဉ်တွေ အသုံးပြုပြီး လေကြောင်းပစ်ကူပေး တိုက်ခိုက်လေ့ရှိတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။











