KIA ပူးပေါင်းတပ်က မိုးမိတ်-တွင်းငယ်ကြား ကင်းချောင်းစစ်တပ်စခန်းကို သိမ်းပိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်းရှိ မိုးမိတ်-တွင်းငယ်ကြား စစ်ရေးအရအရေးပါတဲ့ ကင်းချောင်းကျေးရွာ၊ စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ် တွေက နိုဝင်ဘာ ၁၉ ရက်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က သိရပါတယ်။
စစ်အာဏာရှင်တပ်တွေဘက်က တွင်းငယ်ကနေ လေကြောင်းနဲ့ အပြင်းအထန်ပစ်ကူနေပြီး စစ်ရေး ပြင်းထန်နေဆဲအခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။
ကချင် ရှေ့တန်းသတင်းရင်းမြစ်က “မိုးမိတ်ဘက်က ၄ မိုင် ၅ မိုင် ကုန်းနားကိုတော့ ပထမရက်က သိမ်းတယ်။ နောက်ရက်မှာတော့ မြေပြင်မှာတော့ သူတို့ တွင်းငယ်ကနေ Mi35 တွေနဲ့ လေကြောင်း ပစ်ကူပေးတာတို့ ဂျက်ဖိုက်တာနဲ့ ပစ်ကူပေးတာတို့ ရှိတယ်။ အခုလတ်တလောတော့ စစ်ဆင်ရေး ဆောင်ရွက်နေဆဲပါ”လို့ ပြောပါတယ်။
ကင်းချောင်းရွာအနီးမှာ နိုဝင်ဘာ ၁၉ ရက် မနက် ၉ နာရီခွဲဝန်းကျင်ကနေ ညနေပိုင်းအထိ တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် ကင်းချောင်းတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ကင်းချောင်းစခန်းဟာ မိုးမိတ်မြို့ကနေတဆင့် မန္တလေးမြို့ကို သွားလာနိုင်တဲ့ လမ်းပိုင်းပေါ်မှာ တည်ရှိတဲ့အတွက် ဒေသတွင်းသွားလာရေးနဲ့ စစ်ရေးအခြေအနေအရ အရေးပါတဲ့နေရာတခု ဖြစ်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ စက်တင်ဘာလကုန်ပိုင်းနဲ့ အောက်တိုဘာလဆန်းမှာ မိုးမိတ်ကို စစ်အင်အား ဖြည့်တင်း ပြီး ထိုးစစ်ဆင်လို့ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။
စစ်တပ်ရဲ့ထိုးစစ်အစမှာ မိုးမိတ်-မြစ်ဆုံ-မဘိမ်းလမ်းပိုင်း မြို့နဲ့ ၁၀ မိုင်အကွာအထိ ဝင်ရောက် နိုင်ခဲ့ပေမဲ့ နိုဝင်ဘာလဆန်းပိုင်းမှာ KIA ပူးပေါင်းတပ်ရဲ့ တန်ပြန်ထိုးစစ်မှာ စစ်တပ်တွေအထိနာကာ မိုးမိတ်မြို့အနီးထိ တပ်ဆုတ်ရလို့ လတ်တလောမှာ မိုးမိတ်-မြစ်ဆုံကြား ၃ မိုင်၊ ၄ မိုင်၊ ၅ မိုင် နေရာ တွေမှာ တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က တယောက်က ပြောပါတယ်။
“မိုးမိတ်ရွာထဲက စေတီကုန်းကို တလောသိမ်းလိုက်နိုင်ပြီးတော့ ပြန်လွှတ်လိုက်ရတာကို တနေ့ကပဲ ပြန်သိမ်းနိုင်ခဲ့ပြီ။ တိုက်ပွဲအခြေအနေ အလားအလာတော့ ကောင်းတဲ့အနေအထားပါ။ ထိုးထားတဲ့ စစ်ကြောင်းတွေကို ပြန်တိုက်ထုတ်နိုင်ခဲ့တယ်။ သူတို့ဘက်က စစ်ကြောင်းထိုးလာတာ မဘိမ်းအနီးတောင်ရောက်နေပြီ။ အခုရက်ပိုင်း ပြန်တိုက်ထုတ်နိုင်လိုက်တဲ့ အနေအထား။ စစ်တပ်က မိုးမိတ်မြို့ထဲထိ ပြန်ဆုတ်နေတယ်။ မန္တလေးကနေ မိုးမိတ်လမ်းက ထောက်ပို့လမ်းမကြီးဖြစ်တယ်။ မဘိမ်းကနေ မန်ဂျယ်ဘက် တက်ဖို့ ကြိုးစားနေတာကို ဖြတ်တောက်လိုက်နိုင်တဲ့အနေအထား။ ၃မိုင် ၄မိုင် ၅မိုင် ပတ်ဝန်းကျင်မှာတော့ နေ့တိုင်းနီးပါး တိုက်ပွဲပြင်းထန်နေတယ်။”
၂၀၂၆ နှစ်ဆန်းပိုင်းကစပြီး စစ်တပ်က မိုးမိတ်မြို့ကို အင်အားအများအပြားဖြည့်တင်းကာ မိုးမိတ်-မဘိမ်းလမ်းအတိုင်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းကို စစ်ကြောင်းထိုးဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး KIA ပူးပေါင်းတပ်တွေက စစ်ရေးအသာစီးရလာပြီး စစ်တပ် စစ်ကြောင်းတွေက မိုးမိတ်မြို့ဘက်ကို ပြန်ပြီးဆုတ်ခွာလာရတာလို့ သိရပါတယ်။
စက်တင်ဘာအတွင်းက တိုက်ပွဲတွေမှာ မိုးမိတ်မြို့အနီး ဗျူဟာကုန်းနဲ့ စခန်းအချို့ကို KIA ပူးပေါင်း တပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဟန်န











