DVB Logo
Home
မြန်မာသတင်း
ချေးငွေဆပ်ရန် ပျက်ကွက်သည့် YBS ကုမ္ပဏီအချို့ကို ဧရာဝတီဘဏ် တရားစွဲမည်
DVB
·
March 9, 2019
ချေးငွေဆပ်ရန် ပျက်ကွက်သည့် YBS ကုမ္ပဏီအချို့ကို ဧရာဝတီဘဏ် တရားစွဲမည်
Donate to DVB

ချေးငွေ ပေးဆပ်ဖို့ ပျက်ကွက်နေတဲ့ YBS ကုမ္ပဏီအချို့ကို ဘဏ်လုပ်ထုံးလုပ်နည်းနဲ့အညီ တောင်းခံခဲ့ပေမယ့် မရတာကြောင့် တရားစွဲဆိုသွားမယ်လို့ ဧရာဝတီဘဏ်က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ချေးငွေ ပြန်မဆပ်တဲ့ ကုမ္ပဏီတွေကတော့ Omni Focus ကုမ္ပဏီလီမိတက်၊ Central Yangon Network ကုမ္ပဏီလီမိတက်နဲ့ Keen Support ကုမ္ပဏီလီမိတက်တို့ ဖြစ်တယ်လို့ သိရပါတယ်။

အများပြည်သူ သယ်ယူပို့ဆောင်ရေး အထောက်အကူဖြစ်ဖို့ ဧရာဝတီဘဏ်က ထုတ်ချေးထားတာဖြစ်ပြီး အဆိုပါကုမ္ပဏီတွေ ချေးငွေ ပြန်ပေးဖို့ ပျက်ကွက်နေတာကို ဧရာဝတီဘဏ်ကနေ ချေးငွေတောင်းခံလွှာပေးပို့တာ၊ ဘဏ်ရှေ့နေက တရားဝင် ချေးငွေတောင်းခံလွှာ ပေးပို့ခဲ့ပေမယ့် ပြန်မဆပ်တာကြောင့် တိုင်းအစိုးရအဖွဲ့နဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (YRTA) အကူညီနဲ့ အခုလို တရားစွဲဆိုရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီထုတ်ချေးငွေတွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ခံထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက “ဧရာဝတီဘဏ်ကလည်း မှန်တယ်။ YBS စတင်တည်ထောင်ခါစ က သူတို့ ငွေချေးပေးလိုက်တယ်။ ငွေချေးပေးတာလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်နဲ့ ချေးပေးလိုက်တာ။ အစိုးရက လမ်းညွှန်လို့ သူတို့ ချေးပေးတယ်ပေါ့။ အခုချိန်မှာကျတော့ ကုမ္ပဏီအသီးသီးက တနှစ်ကျော်လာပြီပေါ့။ အရင်တုန်းကတော့ ကုမ္ပဏီအားလုံးက အတိုးအရင်း ဆပ်တယ်ပေါ့။ သူတို့က ဒါကို အနည်းဆုံး ၅ နှစ်ကနေ ၇ နှစ်အထိဆိုပြီးတော့ သတ်မှတ်ပြီးတော့ အဲဒီပိုက်ဆံကို ပေးလိုက်တာ။ ဒီနေ့ဒီအချိန်မှာ Omni Focus ကုမ္ပဏီကနေ ၅ လကျော်သွားပြီး ဘဏ်ကို ဘာမှ မဆပ်ဘူးပေါ့။”

လူမှုကွန်ရက်တွေမှာတော့ ဦးနေ၀င်းရဲ့မြေး ဦးကျော်နေ၀င်းပိုင်တဲ့ Omini Focus ကုမ္ပဏီက ချေးငွေ ကျပ်ဘီလီယံ ၅၀   ပြန်မဆပ်ခဲ့ဘူးဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။

Omni Focus ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်နေဝင်းက “ကျနော်တို့ ဘာအပြစ်မှမရှိပါဘူးဆိုတာကို တရားရုံးကို တင်ပြသွားမှာ ဖြစ်ပါတယ်။ ဘဏ်ကိုလည်း ကျနော်တို့ဘက်က တရားစွဲသင့်ရင် စွဲရမယ့်ဟာလေးတခုရှိတယ်။ အဲဒါဘာလဲဆိုတော့ ကျနော်တို့ အကောင့်ထဲကို ပိုက်ဆံမှားထည့်တဲ့ဟာတွေရှိတယ်။  ပိုက်ဆံမှားထည့်ပြီးတော့ ပိုက်ဆံပြန်ထုတ်သွားတာတွေ ရှိတယ်။ ဘဏ်ရဲ့အကောင့်တခုမှာ အကောင့်ဟိုဒါတယ်။ အကောင့်ဟိုဒါကို အသိမပေးဘဲနဲ့ ပိုက်ဆံက ဝင်ပြီးပြန်ထွက်သွားလို့မရဘူး။ ဒါပေမယ့် အဲဒါကို ဧရာဝတီဘဏ်က လုပ်ခဲ့တာရှိတယ်၊ ကျနော်တို့အကောင့်တခုမှာ ဝင်ပြီးပြန်ထွက် သွားတယ်ဆိုတာ သက်သေတွေလည်းရှိတယ်။ အဲဒါကိုလည်း ကျနော်တို့ ကော်မတီကို တင်ပြသွားမယ်။ လိုအပ်ရင် ကျနော်တို့လည်း တရားပြန်စွဲသွားမယ့် အနေအထားလည်း ရှိပါတယ်။”

ဒါ့အပြင် အခုဖြစ်တဲ့ကိစ္စဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့လည်း ဘာမှမဆိုင်ဘူးလို့ ဦးကျော်နေ၀င်းက ပြောပါတယ်။

ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဧရာဝတီဘဏ်တာဝန်ရှိသူတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013