DVB Logo
Home
Lead Story
မြန်မာပြည်သူများအတွက် ခိုင်မာသည့်ဆုံးဖြတ်ချက်အသစ် ချမှတ်ရန် ကုလသမဂ္ဂကို တောင်းဆို
DVB
·
July 5, 2026
Photo: UN
Photo: UN
Donate to DVB

မြန်မာပြည်သူတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီကြိုးပမ်းမှုကို အားပေးမဲ့ ခိုင်မာအားကောင်းတဲ့ ဆုံးဖြတ်ချက်အသစ်တခု ချမှတ်ပေးဖို့ ဒေသတွင်းနဲ့ နိုင်ငံတကာ အရပ်ဘက်လူမှုအဖွဲ့အစည်း ၁၉၁ ဖွဲ့က ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့ထံ ဇူလိုင် ၃ ရက် နေ့စွဲနဲ့  အိတ်ဖွင့်ပေးစာပေးပို့ပြီး  တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

စစ်အာဏာရှင်အစိုးရရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ငြင်းပယ်ဖို့နဲ့ စစ်အုပ်စုနဲ့ အနည်းဆုံး ထိတွေ့ဆက်ဆံမှုကို အကောင်အထည်ဖော်ဖို့ကိုလည်း ထည့်သွင်း တောင်းဆိုထားပါတယ်။

စစ်အုပ်စုဟာ သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် နိုင်ငံရေးတရားဝင်မှု အဓမ္မဖန်တီးရယူနိုင်ဖို့ အရပ်သားပြည်သူ ၄,၈၅၃ ယောက်အထိ သေဆုံးစေခဲ့တဲ့ လေကြောင်းဗုံးကြဲမှုပေါင်း ၉,၇၉၄ ကြိမ်အပါအဝင် ရမ်းကားအကြမ်းဖက်မှုတွေကို အကြီးအကျယ် ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ရွေးကောက်ပွဲအမည်ခံ လုပ်ငန်းစဉ်အပြီးမှာ စစ်အုပ်စုဟာ အရပ်သားမျက်နှာဖုံးစွပ်ကာ စစ်အာဏာရှင် သမ္မတအဖြစ် မိမိကိုယ်ကို ပြန်လည်ခန့်အပ်ခဲ့ပေမဲ့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှု မရှိကြောင်း လူ့အခွင့်အရေးကောင်စီက အတိအလင်း အတည်ပြုထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ အရေးပေါ်မေတ္တာရပ်ခံချက်အတိုင်း ကုလသမဂ္ဂအနေနဲ့ စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို အသိအမှတ်မပြုဘဲ ပြတ်ပြတ်သားသား ငြင်းပယ်ရမယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ထောက်ပြထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအေဂျင်စီအချို့ဟာ စစ်တပ်လက်အောက်ခံ အာဏာပိုင်တွေနဲ့သာ ဦးစားပေး ထိတွေ့ဆက်ဆံပြီး တရားဝင်မှုပေးနေတာ၊ စစ်အုပ်စုထိန်းချုပ်တဲ့ လမ်းကြောင်းတွေကနေ သွယ်ဝိုက်ငွေကြေးထောက်ပံ့မှု ဖြစ်စေတာ၊ စစ်တပ်နဲ့ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေ ရှိနေတဲ့အပေါ် စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားပါတယ်။ 

ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) အနေနဲ့ ဗီတိုအာဏာသုံး ပိတ်ပင်မှုတွေကြောင့် မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းဖို့ အကြိမ်ကြိမ် ပျက်ကွက်နေတာကြောင့် UNGA အနေနဲ့ ပိုမိုပြတ်သားတဲ့ ခေါင်းဆောင်မှုကို ပြသပြီး စစ်အုပ်စုထံ လက်နက်နဲ့ လေယာဉ်ဆီစီးဝင်မှု တားဆီးပိတ်ဆို့ရေး၊ မြန်မာ့အရေးကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) သို့ လွှဲပြောင်းပေးရေးနဲ့ နိုင်ငံတကာတရားစီရင်ပိုင်ခွင့်ကို ကျင့်သုံးဆောင်ရွက်လာမှုအပေါ် ကြိုဆိုထောက်ခံဖို့ တောင်းဆိုထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013