
ယူကရိန်းဒရုန်းတွေက ရုရှားရဲ့ မော်စကိုဒေသကို သြဂုတ် ၁၆ ရက်မှာ ညလုံးပေါက် တိုက်ခိုက်ခဲ့ပါတယ်။
ဒါဟာ မော်စကိုဒေသကို ပစ်မှတ်ထားတဲ့ အကြီးမားဆုံး တိုက်ခိုက်မှုတွေထဲက တခုဖြစ်ပြီး အသက် ၈၃ နှစ်အရွယ် အမျိုးသားတယောက် သေဆုံးကာ လူအများအပြား ဒဏ်ရာရခဲ့တယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ရုရှားရဲ့ အကြီးဆုံး အွန်လိုင်းလက်လီရောင်းချသူ Wildberriesက ပိုင်တဲ့ ဂိုဒေါင်တခုလည်း ထိခိုက်ခဲ့တယ်လို့ မော်စကိုဒေသ အုပ်ချုပ်ရေးမှူး အန်ဒရီဗိုရိုဘီယော့ဗ်က ပြောပါတယ်။
မော်စကိုမြို့တော်က အဓိကလေဆိပ်တခုနဲ့နီးတဲ့ ဒိုမိုဒီဒိုဗိုမြို့က ဂိုဒေါင်တလုံး အပါအဝင် တခြား နေရာအများအပြားလည်း ပျက်စီးခဲ့တယ်လို့ သူက ပြောပါတယ်။
နိုင်ငံတဝန်း ယူကရိန်းဒရုန်း ၈၂၂ စင်းကို ပစ်ချခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
Wildberries ကုမ္ပဏီရဲ့ ကိုလီဒီနိုရွာက ဂိုဒေါင်ကို တိုက်ခိုက်မှုအပြီး မော်စကိုတောင်ဘက် ၂၈ မိုင် အကွာက နေရာမှာ မီးခိုးလုံးကြီးတွေ ထွက်နေပုံကို ရိုက်တာသတင်းဌာနက ဗီဒီယို ရိုက်ကူး ထုတ်လွှင့်ခဲ့ပါတယ်။
ယူကရိန်းဟာ ရုရှားအစိုးရရဲ့ စစ်ရေးလှုပ်ရှားမှုကို ထောက်ပံ့နေတယ်လို့ ရှုမြင်တဲ့ ရုရှားစီးပွားရေး အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးဖို့ ပိုကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် မကြာသေးမီ သီတင်းပတ်တွေအတွင်း စစ်ရေးပစ္စည်းတွေကို ကိုင်တွယ်ဆောင်ရွက်နေတယ်လို့ စွပ်စွဲထားတဲ့ Wildberries ကို ပစ်မှတ်ထားခဲ့ပါတယ်။
Source: Reuters











