
ရေကြီးရေလျှံနေတဲ့ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ တလုတ်ထော်မြို့မှာ အမျိုးသမီးတယောက် ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သြဂုတ် ၁၇ ရက် ညနေက တလုတ်ထော်မြို့ လဟာပရွာမှာ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးဟာ လမ်းလျှောက်လာရင်း ခြေချော်ကာ ရေစီးနဲ့မျောပါပြီး ရေနစ်သေဆုံးခဲ့တာလို့ သိရပါတယ်။
ဒေသခံတယောက်က “သေဆုံးသူ အမျိုးသမီးက ရေဘေးရှောင်စခန်းကနေ သူ့အိမ်ကို ခဏအပြန်မှာ ခြေချော်ပြီး ရေနက်ထဲ ပြုတ်ကျတာ။ ရေနစ်ပြီးဆုံးသွားတာ။ အိမ်ကို ခဏကြည့်ဖို့သွားရင်း ဖြစ်တာ။ ရေကလည်း ထပ်တိုးနေတယ်” လို့ ပြောပါတယ်။
တလုတ်ထော်မြို့မှာ လေးမျက်နှာမြို့နယ်ဘက်က ရေတွေ ဝင်ရောက်မှုကြောင့် ရေကြီးရေလျှံနေတဲ့ အပြင် လတ်တလော ဧရာဝတီမြစ်ရေပါ မြင့်တက်လာတာကြောင့် ရေကြီးရေလျှံ ဆက်လက် ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက် မနက်ပိုင်းက စတင်ပြီး လေးမျက်နှာမြို့နယ်၊ ဂျမ်းကုန်းကျေးရွာအနီး ငဝန်ရေကာတာ မိုင် ၅၃/၃ ကျိုးပေါက်ခဲ့တာဖြစ်ပြီး ရေကြီးရေလျှံနေတာပါ။











