
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ စစ်ကျန်မိုင်းနင်းမိပြီး သက်ကြီးပိုင်း အမျိုးသားတယောက် ခြေပြတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုင်းနင်းမိသူကတော့ တောင်ကုတ်မြို့နယ်၊ ဆိပ်ကမ်းသစ်ရွာက အသက် ၅၃ နှစ်အရွယ် ဦးဆန်းဝင်း ဖြစ်ပြီး မတ် ၂၄ မနက်က အရင် စစ်ကောင်စီ တပ်စွဲနေထိုင်ခဲ့တဲ့ ဒိုးတောင်အနားမှာ မြေမြှုပ်မိုင်း နင်းမိတာကြောင့် ခြေတဖက်ပြ တ်သွားရတာလို့ တောင်ကုတ်ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“အရုဏ်တက်အချိန်မှာ အဲဒီ ဒိုးတောင်ဘက်မှာ ခွေးဟောင်သံကြားလို့ အဲဒီတောင်ကို တက်ကြည့်တဲ့အချိန်မှာ ခုလိုဖြစ်သွားတာပါ။ ခွေးဟောင်သံက တခုခုဖြစ်နေမလား စိုးရိမ်စိတ်နဲ့ ထကြည့်တာပါ။”
မိုင်းနင်းမိတာကြောင့် ဘယ်ဘက်ခြေထောက် ပြတ်ထွက်သွားပြီး အရေးပေါ် ဆေးကုသမှု ခံနေရတယ်လို့ ကျေးရွာသားတယောက်က ပြောပါတယ်။
“ခြေထောက်ပြတ်တဲ့ဒဏ်ရာက ပြင်းပြီး သွေးထွက်များတော့ အရေးပေါ် ကုသမှု ခံနေရတယ်။”
မိုင်းနင်းမိသူနဲ့ သူ့ရဲ့မိသားစုဟာ တောင်ကုတ်မြို့ “ဂုဏ်ဓန” သင်္ဘောဒေါက်ကျင်းအနီး ချောင်းတဖက်ကမ်းမှာ ငါး/ပုစွန် တာစောင့်ပြီး မိသားစုနဲ့အတူ ဝမ်းရေးအရ ရုန်းကန်နေသူတယောက် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၀ ရက်ကလည်း တောင်ကုတ်မှာ စစ်ကောင်စီ စွန့်ပစ်ခဲ့တဲ့ စစ်ကျန်ဗုံးသီး ပေါက်ကွဲလို့ တတိယတန်းကျောင်းသားတယောက် ပြင်းထန်ဒဏ်ရာ ရသွားခဲ့တယ်လို့ သိရပါတယ်။










