
UFC လက်ဝှေ့ထိုးသတ်ပွဲတွေကို အိမ်ဖြူတော်ရှေ့မှာ ဇွန် ၁၄ ရက်နေ့မှာ ကျင်းပမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြေညာပါတယ်။
အဲ့ဒီနေ့ဟာ အမေရိကန်အလံနေ့ဖြစ်သလို ထရမ့်ပ်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့လည်း ဖြစ်ပါတယ်။ အိမ်ဖြူတော်ရှေ့ UFC ပြိုင်ပွဲကို ည ၈ နာရီမှာ ပြုလုပ်မှာဖြစ်ပြီး တွဲဆိုင်း ၇ ဆိုင်းပါဝင်မယ်လို့ ခန့်မှန်းရပြီး ကျင်းပမဲ့ ရုပ်ပုံတွေကို ထရမ့်ပ်က အိမ်ဖြူတော်မှာ ပြသခဲ့ပါတယ်။
အိမ်ဖြူတော်မီဒီယာတွေ့ဆုံပွဲကို အီလီယာတိုပူရီရာ၊ ဂျက်စတင်ဂိတ်ဂျီ၊ အဲလက်ပရဲရား၊ စီရာဂန်းစ တဲ့ UFC ဖိုက်တာ ၄ ယောက် တက်ရောက်ခဲ့တာတွေ့ရပါတယ်။
ထရမ့်ပ်က “ဇွန် ၁၄ ရက်နေ့မှာ ဒီလိုပွဲမျိုးထပ်ပြီးမရှိနိုင်တဲ့ ထိုးသတ်ပွဲတွေလာပါတော့မယ်။ ဒါမျိုးပွဲတွေလည်း ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။ ကျနော့်နောက်မှာ ရပ်နေတဲ့ ဖိုက်တာ ၄ ယောက်က ချန်ပီယံတွေဖြစ်ပြီး အကောင်းဆုံးဖိုက်တာတွေပါ။ အဲ့ဒီဖိုက်တာတွေ ထိုးသတ်တာကို အိမ်ဖြူတော်ရှေ့မှာ မြင်ရမှာပါ။ ဒီမှာ ပွဲကျင်းပမဲ့ပုံတွေပါ။ ဒီလိုပုံမျိုးကို လူတွေဘယ်တုန်းကမှ မြင်ဖူးမှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။
ဒီပွဲကို အလကားကြည့်ခွင့်ရဖွယ်ရှိပြီး တယောက်ကို လက်မှတ် ၂ စောင်တောင်းခံဖို့ UFC က ကြေညာထားပါတယ်။
UFC White House လို့ ခေါ်တဲ့ UFC Freedom 250 ကို ဇွန် ၁၄ ရက်မှာ အိမ်ဖြူတော် တောင်ဘက် မြက်ခင်းပြင်မှာ ကျင်းပမှာဖြစ်ပါတယ်။
ဒီပြိုင်ပွဲဟာ အမေရိကန်နိုင်ငံရဲ့ နှစ် ၂၅၀ မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် UFC ပြိုင်ပွဲကို Freedom 250 လို့ အမည်ပေးခဲ့တာ ဖြစ်ပါတယ်။
Source:Reuters










