DVB Logo
Home
မြန်မာသတင်း
ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့်တောင်သူများ ဈေးကွက်ရရှိရေး ဘားအံမြို့တွင်ဆွေးနွေး
DVB
·
January 25, 2019
ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့်တောင်သူများ ဈေးကွက်ရရှိရေး ဘားအံမြို့တွင်ဆွေးနွေး
Donate to DVB

ကရင်ပြည်နယ်အတွင်းက ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေ ဈေးကွက်ရရှိစေဖို့အတွက် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးနှင့် ဈေးကွက်ချိတ်ဆက်မှုများ မြှင့်တင်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ဘားအံမြို့၊ ကန်သာဦးခန်းမမှာ မနေ့က ပြုလုပ်ပါတယ်။

ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်ဖို့လိုအပ်တဲ့ အရည်အသွေးမီမျိုးစေ့တွေ အပါအ၀င် အခြားသွင်းအားစုတွေ လက်လှမ်းမီဖို့၊ တောင်သူတွေတပိုင်တနိုင်မှ စီးပွားဖြစ်တဲ့အထိ စိုက်ပျိုးခြင်းဖြင့် ၀င်ငွေတိုးစေဖို့၊ ခေတ်မီစိုက်ပျိုးနည်းပညာတွေ လက်လှမ်းမီဖို့၊ စားသုံးသူအတွက် ဘေးကင်းလုံခြုံစိတ်ချရတဲ့ ဟင်းသီးဟင်းရွက်တွေ ထုတ်လုပ်ရောင်း ချနိုင်ဖို့၊ သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှု အနည်းဆုံးနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ စိုက်ပျိုးထုတ်လုပ်မှု နည်းပညာတွေကို တောင်သူတွေ ပိုမိုနားလည်စေဖို့ စတာတွေ ရည်ရွယ်ပြုလုပ်တာပါ။

ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းလှိုင်ဦးက"ဟင်းသီးဟင်းရွက် စီမံချက်မစခင် ကျနော်တို့ ကရင်ပြည်နယ်ကို ပြန်ကြည့်ရင်လိုက်မယ်ဆိုရင် အင်မတန်ကို အခက်အခဲတွေ အများကြီးရှိတယ်။ နိုင်ငံတကာအဖွဲ့အစည်းက အထောက်အပံ့ကောင်းကောင်းနဲ့ ကူညီဆောင်ရွက်မှုကြောင့် တောင်သူလယ်သမား တော်တော်များများမှာ မျိုးကောင်းမျိုးသန့်တွေ ရရှိပြီးတော့ အောင်မြင်လာတာကို တွေ့ရှိရတယ်"လို့ ပြောပါတယ်။

ဆွေးနွေးပွဲတက်လာတဲ့ ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာသား ဦးကြည်ဌေး ကတော့ "တောင်သူထုတ်လာတဲ့ ကုန်ပစ္စည်းပြန်လည်ရောင်းချဖို့ ဈေးကွက်ဆိုတာ ကျနော်တို့ မြန်မာပြည်ကသခွားတွေ ထိုင်းနိုင်ငံက သခွားတွေကိုမမီဘူးဆိုပြီးတော့ ဈေးနှိမ်တာတွေရှိတယ်။ ဖြုန်းမယ့်ဈေးကွက်ဆို ကျေးရွာမှာရှိတဲ့ ဈေးသည်တွေလောက်ပဲအားကိုးနေရတယ်။ မြို့ပေါ် မှာကျတော့ တအားကို ဈေးနှိမ်တာတွေရှိတယ်"လို့ ပြောပါတယ်။

ဆွေးနွေးပွဲကို စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူတွေ၊ စိုက်ပျိုးရေးသွင်းအားစုလုပ်ငန်းရှင်တွေ၊ ဟင်းသီးဟင်းရွက်ရောင်းဝယ်သူတွေ၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တောင်သူတွေတက်ရောက်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် အတွေ့အကြုံတွေမျှဝေ ဆွေးနွေးခဲ့ကြပါတယ်။

ဟင်းသီးဟင်းရွက်စီမံကိန်းတာဝန်ခံ ဒေါ်ရီလွင်က"ကျမတို့ ၀န်ထမ်းတွေကော သင်တန်းဆရာတွေကော ဈေးထဲက ကုန်သည်တွေကိုလည်း တောင်သူတွေနဲ့ ချိတ်ဆက်ပေးတယ်ဆိုတော့ အခုပြောမယ်ဆိုလိုရှိရင် ထုတ်သမျှ ဟာကတော့ ရောင်းလို့ကုန်တဲ့အနေအထားမှာ ချိတ်ဆက်ပေးနိုင်ခဲ့တယ်"လို့ ပြောပါတယ်။

ဒီအစီအစဉ်ကို ကနေဒါနိုင်ငံအခြေစိုက် MEDAအဖွဲ့၊ နယ်သာလန်အခြေစိုက် East West Seed မျိုးစေ့ကုမ္ပဏီနဲ့ သြစတြးလျနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဌာနတွေရဲ့အကူအညီတွေနဲ့ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်ရှိ ကျေးရွာပေါင်း ၂၃၀ မှာ အကောင်အထည် ဖော်ဆောင်ရွက်နေတာပါ။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013