
ရန်ကုန်၊ အင်းစိန်မြို့နယ်၊ မြို့ပတ်ရထားလမ်းဘေးမှာရှိတဲ့ တညင်းကုန်းဈေးဟာ မြန်မာပြည် အနယ်နယ်အရပ်ရပ်က ဟင်းသီးဟင်းရွက်တွေ လာရောက်စုဝေးပြီးမြို့ထဲက ဈေးတွေကို ပြန်လည် ဖြန့်ဖြူး ရောင်းချပေးနေတဲ့ အဓိကဈေး တဈေးပါ။
ရှမ်းပြည်နယ်နဲ့ မကွေးတိုင်းဒေသကြီးစတဲ့ အထက်မြန်မာပြည်က ကုန်စည်တွေကို ကုန်တင်ကားကြီး၊ ကားငယ်တွေနဲ့ ဒီဈေးကိုတင်ဆောင်လာသလို ပဲခူး၊ ပုဂံ၊ ပခုက္ကူစတဲ့ ရထားလမ်းပေါက်တဲ့ နယ်တွေကတော့ မြန်မာ့မီးရထားကို အသုံးပြုပြီး ကုန်စည်သယ်ယူ ကြရပါတယ်။
တညင်းကုန်းဈေးမှာ ကုန်ထမ်းသူကထမ်း၊ အော်ဟစ် ရောင်းသူကရောင်း၊ ၀ယ်သူက၀ယ်နဲ့ ၂၄နာရီတနေ့တာပတ်လုံး နေ့ညမပြတ် ရှင်သန်နိုးထနေတဲ့ ဟင်းသီးဟင်းရွက်တို့ ပေါင်းဆုံရာ ဈေး တဈေးလည်းဖြစ်ပါတယ်။
ဓာတ်ပုံ-မျိုးဇော်လင်း










