
တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေးပြည်နယ်မှာ တော်နေးဒိုး လေဆင်နှာမောင်း ၂ ခု တိုက်ခတ်ခဲ့တာ ကြောင့် အနည်းဆုံး ၅ ယောက်ကနေ ၈ ယောက်အထိ သေဆုံးခဲ့တယ်လို့ ဇူလိုင် ၇ ရက်မှာ နိုင်ငံပိုင် မီဒီယာတွေက ဖော်ပြပါတယ်။
တနာရီကို ၁၄၉ ကီလိုမီတာအထိ ပြင်းထန်တဲ့ လေတိုက်နှုန်းကြောင့် ကားတွေ တိမ်းမှောက်ခဲ့ရသလို၊ အဆောက်အအုံတွေရဲ့ အမိုးတွေ လွင့်စင်ပျက်စီးခဲ့ပြီး လေဘေးသင့်တဲ့ လမ်းတလျှောက်မှာတော့ ပျက်စီးလိမ်ကောက်နေတဲ့ သံတိုသံစတွေပဲ ကျန်ရစ်ခဲ့ပါတယ်။
မနေ့ညနေပိုင်းက ၄ နာရီကျော်ကြာအောင် တိုက်ခတ်ခဲ့တဲ့ အဆင့် ၁၃ ရှိတဲ့ လေပြင်းမုန်တိုင်းဟာ ဟွမ်းရှီ၊ ဟွမ်းဂန်၊ အာ့ကျိုးနဲ့ ရှန်နင်း မြို့တွေကို ဖြတ်သန်းတိုက်ခတ်သွားတယ်လို့ ဟူပေးပြည်နယ် အရေးပေါ်စီမံခန့်ခွဲမှု အာဏာပိုင်တွေကို ကိုးကားပြီး ရှင်းဟွာသတင်းက ဖော်ပြပါတယ်။ အနည်းဆုံး လူတယောက် ပျောက်ဆုံးနေဆဲလို့လည်း သတင်းမှာ ပါရှိပါတယ်။
အဓိက စက်မှုလုပ်ငန်း၊ မော်တော်ကားထုတ်လုပ်ရေးနဲ့ နည်းပညာဗဟိုချက်ဖြစ်တဲ့ ဟူးပေး ပြည်နယ်မှာ လေဆင်နှာမောင်း တိုက်ခတ်တာဟာ အလွန်ပဲ ရှားပါးတယ်လို့ ပြည်နယ်မိုးလေဝသ ဗျူရိုက ကျွမ်းကျင်သူ ဝမ်ရှောက်လင်က ဟူးပေးဒိုင် နေ့စဉ်သတင်းစာကို ပြောကြားပြီး ဒီပြည်နယ်မှာ ၂၀၂၁ ခုနှစ် မေလတုန်းက လေဆင်နှာမောင်း နောက်ဆုံး တိုက်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဟူးပေးပြည်နယ် အရေးပေါ်စီမံခန့်ခွဲမှုဌာနက ဝေးပို လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားချက်အရ တနင်္လာနေ့ညနေပိုင်းက အာ့ကျိုးမြို့ အပါအဝင် မြို့အတော်များများမှာ မိုးသက်လေပြင်းတွေ ကျရောက်ခဲ့ပြီး ကျေးရွာပေါင်း ၅၃ ရွာမှာ လေတိုက်နှုန်းဟာ တစက္ကန့်ကို ၁၇ ဒသမ ၂ မီတာကနေ ၄၁ ဒသမ ၄ မီတာအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အာ့ကျိုးမြို့မှာ ညတွင်းချင်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူ ၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင် CCTV ရုပ်သံက ဇူလိုင် ၇ ရက် သတင်းထုတ်ပြန်ထားပါတယ်။
Source:Reuters










