
ဇန်နဝါရီလ ၄ ရက်နေ့က အေအေအဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းက ရဲကင်းစခန်း ၄ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဲဒီလို တိုက်ခိုက်တာဟာ ယောက်ျားမပီသဘူးလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးကော်မတီက ပြောဆိုလိုက်ပါတယ်။
“တပ်မတော်က ခံရတာမျိုးမဟုတ်ဘူး။ ရဲစခန်းလေးတွေကို လာတိုက်တာ။ ၂ဝ၁၆ မှာပဲ ကြည့်ကြည့်၊ ပြီးခဲ့တဲ့လွတ်လပ်ရေးနေ့မှာပဲ ဖြစ်ဖြစ်၊ ဒီလုံခြုံရေးယူထားတဲ့ အဖွဲ့အစည်းတွေကို တိုက်တယ်ဆိုတာဟာ မရှိသလောက်ပဲ။ ဒါကို တမင်တိုက်တယ်ဆိုတော့ တနည်းအားဖြင့် စစ်သားစကားနဲ့ ပြောရင်တော့ ယောက်ျားမပီသတာပဲ။ ဒီလိုမျိုးပဲ ယူဆပါတယ်” လို့ ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောတာပါ။
ဇန်နဝါရီ ၁၈ ရက်နေ့က နေပြည်တော်မှာရှိတဲ့ စစ်သမိုင်းပြတိုက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ချက်များ၊ အေအေတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့မှုအခြေနေတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောဆိုခဲ့တာပါ။
ဇန်နဝါရီလ ၇ ရက်နေ့က နိုင်ငံတော်သမ္မတ အိမ်တော်မှာ အစည်းအဝေးတရပ်ကျင်းပပြုလုပ်ခဲ့ပြီး အဲ့ဒီအစည်းအဝေးမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်ကို အန္တရာယ်ပြုတဲ့ ဘယ်အဖွဲ့အစည်းမဆို ပြတ်ပြတ်သားသားချေမှုန်းဖို့ ညွှန်းထားခဲ့တယ်လို့လည်း ကော်မတီက ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောပါတယ်။
နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက်တွေအတိုင်း သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေးကို ဇန်နဝါရီလ ၅ ရက်နေ့က စတင်လုပ်ဆောင်ခဲ့ပြီး ဇန်နဝါရီလ ၁၆ ရက်နေ့အထိကို ထိတွေ့တိုက်ပွဲ ၈ ကြိမ်၊ မိုင်းဖြစ်စဉ် ၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီဖြစ်စဉ်တွေကြောင့် အေအေအဖွဲ့ ၁၃ ဦး ကျဆုံးရှိခဲ့ပြီး တပ်မတော်ဘက်က အရာရှိ စစ်သည် အချို့ ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။











