
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာအနီးမှာ မြေမြှုပ်မိုင်းနင်းမိပြီး အသက် ၁၈ နှစ်အရွယ် လူငယ် ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၂၆ ရက်၊ ညနေပိုင်းက မကျီးဇင်ကျေးရွာအနီး လယ်ယာလုပ်ငန်းလုပ်ဖို့သွားတဲ့ အသက် ၁၈ နှစ်အရွယ် လူငယ် ၂ ယောက် မြေမြှုပ်မိုင်းနင်းမိပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်နဲ့နီးစပ်သူတယောက်က “မိုင်းပေါက်တာက ရွာနဲ့ အနည်းငယ်ဝေးတဲ့နေရာမှာ ဖြစ်တာပါ။ လူငယ် ၂ ယောက် မိုင်းထိပြီး သေဆုံးသွားတယ်။ ဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်း ဒေသခံတွေကြားမှာလည်း စိုးရိမ်နေကြတယ်” လို့ ပြောပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တဲ့ လူငယ် ၂ ယောက်ဟာ မကျီးဇင်ကျေးရွာက မောင်သက်မောင်မောင်နဲ့ မောင်သိုက်ထွန်းဦးတို့ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြေမြှုပ်မိုင်းနင်းမိတဲ့နေရာဟာ စစ်အာဏာရှင်တပ်အပြင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေ သွားလာလှုပ်ရှားမှုရှိတဲ့ဒေသဖြစ်ပြီး မိုင်းကို ဘယ်အဖွဲ့က ထောင်ထားတာလဲဆိုတာ လက်ရှိအချိန်အထိ အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဒီလိုဖြစ်ပြီးနောက် ဒေသခံပြည်သူတွေအနေနဲ့ သွားလာရာမှာစိုးရိမ်မှုတွေရှိလာပြီး လယ်ယာလုပ်ငန်းနဲ့ နေ့စဉ်သွားလာရာမှာကို မိုင်းအန္တရာယ်ကို ပိုမိုသတိထားရမဲ့ အခြေအနေဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။










