
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်မှာ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ ထိန်းချုပ်ဓာတုပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပါတယ်။
ဇန်နဝါရီ ၅ ရက် မနက် ၉ နာရီခွဲလောက်က မူဆယ်မြို့နယ်၊ ဟိုနောင်ကျေးရွာလမ်းခွဲမှာ တွမ်ရင်ရိန်း မောင်းနှင်ပြီး ရန်ဆိုင်လျန် လိုက်ပါလာတဲ့ အီစူဇူး ၁၂ ဘီးကားပေါ်ကနေ ကဖင်းအမှုန့် ၄၂၅၀ ကီလို၊ အမိုနီယမ်ကလိုရိုက်ဒ်အမှုန့် ၁၇၅၀ ကီလိုနဲ့ မူးယစ်ဆေးဝါး ချက်ရာမှာ အသုံးပြုတဲ့ ပစ္စည်းကိရိယာတွေ စတင်သိမ်းဆည်းရမိခဲ့တာပါ။
ဒီအမှုကို ဆက်လက်စစ်ဆေးခဲ့ရာမှာ ပစ္စည်းတွေကို မူဆယ်မြို့နယ်၊ တိန်းလုံကျေးရွာ၊ ငွေနဂါး သောက်ရေသန့်စက်ရုံ အနောက်ဘက်ရှိ ခြံဝင်းထဲကနေ သယ်ဆောင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့လို့ အဲဒီနေရာကို ဇန်နဝါရီ ၈ ရက် ညနေမှာ ဒုရဲမှူး ရဲမင်းဦး ခေါင်းဆောင်တဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။
ရှာဖွေစစ်ဆေးရာမှာ မူးယစ်ဆေးဝါးချက်ရာမှာ သုံးတဲ့ ဖန်ပေါင်းချောင်အကြီး ၁၄ လုံး၊ စတီးဘွိုင်လာအိုး ၂ လုံး၊ မွှေစက်အကြီး ၃ လုံး၊ မွှေကန်အကြီး ၃ လုံး၊ စတီးပေါင်းခံအိုး ၁ လုံး၊ ရေအေးပေးစက်အကြီး ၃ လုံး၊ ပလပ်စတစ်မွှေကန်အကြီး ၃ လုံး၊ ရေပူပေး အခြောက်ခံစက်အကြီး ၅ လုံး၊ ပလတ်စတစ်ပုံးတွေနဲ့ ထည့်ထားတဲ့ အီသိုင်းအီသာ ၈၉၆၀ လီတာ၊ မက်သနော ၂၀၈၀ လီတာ စတာတွေကို ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။
အခုလို မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပေမယ့် ခြံဝင်းထဲမှာ လူတယောက်မှ မတွေ့လို့ ပိုင်ရှင်ကိုတော့ ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိပါဘူး။
သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု ၂၂ မူဆယ်သို့ သယ်ဆောင်ကာ ဥပဒေအရ အရေးယူဆောင်ရွက်နေပြီး ဒီအမှုနဲ့ပတ်သက်တဲ့ ကွင်းဆက် ဆက်လက်ဖော်ထုတ်နေတယ်လို့ ရဲသတင်းမှာ ဖော်ပြပါတယ်။










