DVB Logo
Home
မြန်မာသတင်း
မူဆယ် သစ်သီးကုန်တင်ကားများ ပိတ်ဆို့မှု နောက်ဆုံးအခြေအနေ သတင်းစာရှင်းလင်းပွဲ ပြုလုပ်
DVB
·
December 30, 2018
မူဆယ် သစ်သီးကုန်တင်ကားများ ပိတ်ဆို့မှု နောက်ဆုံးအခြေအနေ သတင်းစာရှင်းလင်းပွဲ ပြုလုပ်
Donate to DVB

ဖရဲ၊ သခွား တင်ပို့နေတဲ့ မူဆယ်မြို့ရှိ ကျင်စန်းကျော့ ဂိတ်ပေါက်ကို ပိတ်လိုက်တဲ့အတွက် ကုန်သည်တွေ၊ တောင်သူတွေ၊ သီးသီးပွဲရုံတွေနဲ့ ယာဉ်မောင်းတွေ နစ်နာဆုံးရှုံး ဒုက္ခရောက်မှု နောက်ဆုံးအခြေအနေအပေါ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာရှိတဲ့ သစ်သီးဝလံကုန်စည်ဒိုင်မှာ ဒီဇင်ဘာ ၂၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

တရုတ်-မြန်မာနယ်စပ် မူဆယ်ရှိ တရုတ်နိုင်ငံထဲကို ဖရဲ၊ သခွား အဓိက ပို့ဆောင်နေတဲ့ ကျင်းစန်းကျော့ဂိတ်ကို ပိတ်လိုက်တဲ့အတွက် တင်ပို့မယ့် ဖရဲ၊ သခွားတွေဟာ ရက်လွန်ပျက်စီးဆုံးရှုံးကုန်တဲ့အတွက် ကုန်သည်တွေနဲ့ တောင်သူတွေ အကြီးအကျယ် နစ်နာနေပါတယ်။

တရုတ်နိုင်ငံထဲကို ဖရဲ၊ သခွားအပါအ၀င် ရေထွက်ပစ္စည်းတွေကို အဓိက တင်သွင်းနေတဲ့ ကျင်စန်းကျော့ ဂိတ်ကို လုံခြုံရေးအကြောင်းပြပြီး မြန်မာလုံခြုံရေးတာဝန်ရှိသူတွေက ဒီဇင်ဘာလ ၂၆ ရက် ညနေကတည်းက စတင်ပိတ်လိုက်တဲ့အတွက် ဒီကနေ့အထိ ဖရဲ၊ သခွား ကားအစီးရေ ၁၀၀၀ နီးပါးလောက် ပိတ်မိနေတယ်လို့ မူဆယ်သစ်သီးဒိုင် ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဘိုက ပြောပါတယ်။

ဖရဲ၊ သခွားကုန်တင်ကားတွေ ပိတ်မိနေတာကြောင့် တနေ့ကို ဖရဲ၊ သခွား တန်ချိန် ၃၀၀၀  (မြန်မာကျပ်ငွေသိန်းပေါင်း ၉၀၀၀) လောက် ပျက်စီးဆုံးနေပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့တွေမှာ ဖရဲ၊ သခွား အရောင်းရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။

ကျင်စန်းကျော့ဂိတ်ကတဆင့် တင်ပို့တဲ့ ဖရဲ၊ သခွားကုန်တင်ကား တရက်ကို အစီးရေ ၄၀၀ ကျော်လောက်ရှိပြီး ကျင်စန်းကျော့ဂိတ်ပိတ်လိုက်တဲ့အတွက်  တခြားလမ်းဖြစ်တဲ့ ကျူကုတ်-ပန်ဆိုင်း ဂိတ်ကနေ တင်ပို့နေရတယ်လို့ မူဆယ်သစ်သီးဒိုင် ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဘိုက ပြောပါတယ်။

ကျူကုတ်- ပန်ဆိုင်းဂိတ်ဟာ နေ့စဉ် ကုန်စည်တင်ကား ၅၀၀ လောက် သွားရောက်ပါက လမ်းပိတ်ဆို့မှုတွေ ဖြစ်နိုင်လာနိုင်တယ်လို့ ပြောပါတယ်။

ဦးစိုင်းမြင့်ဘိုက “ကျနော်တို့ အားထားနေရတဲ့ တခုတည်းသော ဝင်ထွက်ပေါက်ဖြစ်နေတဲ့ ကျင်းဆန်းကျော့ဂိတ်က ကျနော်တို့ မြန်မာဘက် လုံခြုံရေးတာဝန်ယူထားတဲ့ဘက်က ပိတ်လိုက်တဲ့အတွက် ၂၇ ရက်နေ့ကစ ပြီး ကားတွေက အဲဒီလမ်းပေါ်မှာ ပိတ်မိနေတယ်။ ပိတ်မိနေတော့ ကားတွေက တနေ့လုံး ဘယ်မှ မရွှေ့နိုင်ပဲ ၂၇ ရက်နေ့ညမှပဲ ပန့်ဆိုင်း-ကြူကုတ် လမ်းဘက်ကနေပြီး ရွှေ့ပြောင်းလာရတာပေါ့။ ၂၈ ရက်နေ့ မနက် ၉ နာရီမှပဲ ကားတွေ စဝင်ရတယ်။ စဝင်တယ်ဆိုတော့ ဘယ်နှစီးဝင်တယ်ဆိုတဲ့ သတင်းကိုတော့ ကျနော်တို့ နားစွင့်နေတယ်။ ပန့်ဆိုင်း-ကြူကုတ်လမ်းက တော်တော်ကျဉ်းပါတယ်။ ၁၂ ဘီး ကုန်တင်ကား ၁ ရက်ကို အစီး ၄ဝဝ၊ ၅ဝဝ သွားမယ်ဆိုရင်တော့ သေချာပေါက် ဆိုးရွားတဲ့ လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ပါလိမ့်မယ်” လို့ ပြောပါတယ်။

အခုအချိန်ထိ မြန်မာဘက်က လုံခြုံရေးအကြောင်းပြ ပိတ်ဆို့မှုနဲ့ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်း မည်သည့်အာဏာပိုင်ကမှ လာရောက် ဖြေရှင်းပေးတာ မရှိသေးပါဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013