DVB Logo
Home
မြန်မာသတင်း
မတူကွဲပြားသော ဘာသာတရားကိုးကွယ်ယုံကြည်မှု တန်ဖိုးထားသည့် သင်ရိုးညွှန်းတမ်းဖြစ်ရေး တောင်းဆို
DVB
·
December 27, 2018
မတူကွဲပြားသော ဘာသာတရားကိုးကွယ်ယုံကြည်မှု တန်ဖိုးထားသည့် သင်ရိုးညွှန်းတမ်းဖြစ်ရေး တောင်းဆို
Donate to DVB

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို ပြန်လည်သုံးသပ်ပြီး မတူကွဲပြားတဲ့ ဘာသာတရား ကိုးကွယ်ယုံကြည်မှုကို လေးစားတန်ဖိုးထားတဲ့ သင်ရိုးညွှန်းတမ်းဖြစ်အောင် ကြပ်မတ်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော်က နိုင်ငံတော် သမ္မတထံ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့လိုက်ပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ ရက်စွဲနဲ့ သမ္မတ ဦးဝင်းမြင့်ထံ လိပ်မူပေးပို့တဲ့စာမှာ တောင်းဆိုလိုက် တာပါ။

ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ အခြေခံပညာ သင်ရိုးညွှန်းတမ်းမှာ လူမျိုးနဲ့ ကိုးကွယ်ရာဘာသာကို ခွဲခြားဆက်ဆံပြီး ဖိနှိပ်တဲ့အကြောင်းအရာတွေ၊ အယူအဆတွေ ထည့်သွင်းသင်ကြားနေကို တွေ့ရှိရတဲ့အတွက် အလွန်အမင်း စိတ်အနှောင့်အ ယှက်ဖြစ်ရကြောင်းလည်း ဖော်ပြထားပါတယ်။

အခြေခံပညာသင်ရိုးညွှန်းတမ်း၊ မူလတန်းအဆင့်ဘ၀အတွက် ကျွမ်းကျင်စရာ၊ စာရိတ္တနှင့် ပြည်သူနီတိသင်ခန်းစာ သင်ရိုးညွန်တမ်းတွေမှာ ၀ံသာနုစိတ်ဓာတ် မြှင့်တင်ရေး ခေါင်းဆောင်နဲ့ “သွေးနှောခြင်းကို ငါတို့မုန်း၊ လူမျိုးအညွန့်တုံး” ဆိုတဲ့ သွေးနှောခြင်းဟာ မုန်းတီးစရာအဖြစ် သင်ကြားနေတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်နေတယ်လိုလည်းလို့လည်း ရေးသားထားပါတယ်။

“ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အခြေခံပညာကျောင်းများတွင် ပြဋ္ဌာန်းသင်ကြားနေသည့် သင်ခန်းစာများတွင် ဖွဲ့စည်းပုံအခြေခံဥပေဒေအရ အသိအမှတ်ပြုထားသည့် တန်းတူညီမျှ အခွင့်အရေးများကို ဆန့်ကျင်၍ အရွယ်မရောက်သေးသည့် ကလေးငယ်များအား လူမျိုးရေး၊ ဘာသာရေးခွဲခြားဆက်ဆံမှုများနှင့် ယဉ်ပါးစေရန်အတွက် ရည်ရွယ်ချက်ရှိရှိ သင်ကြားနေသည်ကို တွေ့ရသည့်အတွက် ထိတ်လန့်စရာကောင်းလှပါသည်” လို့ ဖော်ပြထားပါတယ်။

ဒီလို ခွဲခြားဆက်ဆံမှုစနစ်ကို ဖြန့်ဖြူးနေတဲ့ ပညာသင်ကြားမှုပုံစံဟာ နိုင်ငံတော်အစိုးရရဲ့ အခြေခံမူတွေဖြစ်တဲ့ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် တန်းတူညီမျှရေး အချက်တွေကို ဆန့်ကျင်တဲ့အပြင် တိုင်းပြည်ရဲ့ ရေရှည်အနာဂတ်မှာ နိုင်ငံသူနိုင်ငံသားအချင်းချင်းကြား အထင်အမြင်လွဲမှားမှုနဲ့ ပဋိပက္ခတွေဖြစ်ပေါ်စေမယ့် အမုန်းတရား သွပ်သွင်းမှုဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

အင်ကြင်းမေ ဟိန္ဒူအမျိုးသမီးကွန်ရက်မှ  ဒေါ်ကက်သလင်းသိန်းကတော့ “အဲဒီလူမျိုးရေး တို့၊ ဘာသာရေးတို့ မုန်းတီးရေးတွေနဲ့ ပတ်သက်နေတယ်။ အမုန်းစကားလေးတွေ၊ စကားလုံးတွေကို နည်းနည်းပြောင်းစေချင်တဲ့ သဘောလေးပါ။ ကျမတို့က အားလုံးက ငြိမ်းချမ်းရေးဘက်ကို ဦးတည်နေကြတယ်။ တနိုင်ငံလုံးက ငြိမ်းချမ်းရေးအတွက် အားသွန်ခွန်စိုက် လုပ်နေတဲ့အချိန်မှာ ဒီဘာသာမတူတဲ့ စာထဲမှာကိုက အမုန်းပွားစေတဲ့ စာမျိုးလေး ဖြစ်နေတဲ့အခါကျတော့ ကလေးငယ်တွေကို ခေါင်းထဲမှာ မမြင်စေချင်တာလေး တခုပဲပေါ့နော်။ ဘာသာမတူ၊ လူမျိုးမတူ၊ တိုင်းရင်းသားမတူလို့ရှိရင် ဒါသည် သွေးနှောဆိုတာ မဟုတ်ဘူးပေါ့နော်။ အဲဒါလေးတခုလေးကိုပဲ နည်းနည်းလေး ပြုပြင်ပြောင်းလဲစေချင်တာတခုတည်းပါ။”

ဒါကြောင့် လက်ရှိမြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို ပြန်လည်သုံးသပ်ပြီး မတူကွဲပြားမှုကို စော်ကားနှိမ့်ချခြင်း မရှိတဲ့ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ သင်ရိုးညွှန်းတမ်းတွေ ဖြစ်အောင် ကြပ်မတ်ပေးဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။

ဒီအိတ်ဖွင့်ပေးစာကို ညီမျှခြင်းမြန်မာ၊ မေတ္တာဖံွ့ဖြိုးရေးဖောင်ဒေးရှင်း၊ မြန်မာမွတ်စလင် လူမှုကွန်ရက်၊ သင့်မြတ်လိုသူများ ငြိမ်းချမ်းရေးပရဟိတအဖွဲ့၊ အာရှအလင်းရောင် ဖောင်ဒေးရှင်း၊ အသံ၊ ပေါင်းကူး စတဲ့ အရပ်ဘက်အဖွဲ့ ၁၀၀ ကျော်က လက်မှတ်ရေးထိုးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013